မိုင်းရှူး ၁၆ ဩဂုတ်

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းရှူးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၏ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်ဖြင့် မျိုးစေ့ထုတ်တောင်သူများအား ထောက်ပံ့ငွေနှင့် သွင်းအားစုပေးအပ်ပွဲကို ယနေ့နံနက် ၉ နာရီက မိုင်းရှူး-တန့်ယန်းကားလမ်းဘေးရှိ မိုင်းအော့ကျေးရွာနေ တောင်သူဦးလုံးအွန်၏ စပါးစိုက်ခင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 

အခမ်းအနားတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းကောင်ခမ်းက မိုင်းရှူးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် မျိုးစေ့ထုတ်စိုက်ဧက (၁၅)ဧက စိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ရာ မိုင်းအော့ကျေးရွာတွင် (၇)ဧကစိုက်ပျိုးမည်ဖြစ်ပြီး မျိုးစေ့ထုတ် (၇)ဧကမှ (၁)ဧကလျှင် အနည်းဆုံး တင်း(၇၀)ထွက်ရှိပါက တင်း (၄၉၀) ထွက်ရှိလာမည်ဖြစ်ရာ (၇၃၅)ဧကအတွက် မျိုးစေ့ထုတ်စပါး ပြန်လည်ရရှိနိုင်မည်ဖြစ်ကြောင်း၊ ယခု စိုက်ပျိုးသည့် စပါးမျိုးသည် စပါးမျိုးကောင်းဖြစ်သည့်အပြင် အထွက်နှုန်းကောင်းသည့်အတွက် တောင်သူများအနေဖြင့် မျိုးစပါးပြောင်းလဲစိုက်ပျိုးသင့်ကြောင်း ပြောကြားသည်။

 

ထို့နောက် မိုင်းရှူးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးခိုင်က (CERP) အစီအစဉ်ဖြင့် မိုးစပါးမျိုးစေ့ထုတ်တောင်သူများအား ထောက်ပံ့ငွေနှင့် သွင်းအားစုပေးအပ်ရခြင်း၏ ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားသည်။

 

ထို့နောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းကောင်ခမ်း၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစောလွင်နှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးခိုင်တို့က ထောက်ပံ့ငွေနှင့် သွင်းအားစုများပေးအပ်ရာ မိုးစပါးမျိုးစေ့ထုတ်တောင်သူ (၂)ဦးမှ အသီးသီးလက်ခံရယူခဲ့ကြောင်း သိရသည်။

 

အဆိုပါ မျိုးစေ့ထုတ်တောင်သူများအား မျိုးစေ့ထုတ် (၁)ဧက စိုက်ပျိုးခြင်းအတွက် ငွေကျပ် ၇၅၀၀၀ နှင့် မျိုးစေ့ဖိုးငွေကျပ် ၈၅၀၀၊ စိုက်ပျိုးပြီးနောက်ပိုင်း စိုက်ခင်းအတွင်း မျိုးကွဲပယ်ခြင်းအတွက် ငွေကျပ် ၅၀၀၀၀၊ သန့်စင်ခြင်းအတွက် ငွေကျပ် ၁၅၀၀၀ အပါ (၁)ဧက စိုက်ပျိုးခြင်းအစအဆုံးအတွက် စုစုပေါင်းငွေကျပ် ၁၄၈၅၀၀ ကို နိုင်ငံတော်အစိုးရမှ ထောက်ပံ့ပေးထားကြောင်း မိုင်းရှူးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမျိုးခိုင်ထံမှ သိရသည်။

 

မြို့နယ် (ပြန်/ဆက်)