မိုင်းတုံ ဇူလိုင် ၁၈

 

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့ နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက  ကျေးလက်နေပြည်သူများ သန့်ရှင်းသော သောက်ရေသုံးရေများ ဖူလုံစွာရရှိစေရန် ရည်ရွယ်၍ မဲကင်ကျေးရွာအုပ်စု၊ ဝမ်မိုင်ကျေးရွာတွင်ရေရရှိရေး လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများ က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

 

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မိုင်းတုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးစိုင်းအောင်မျိုးထက် နှင့်တာဝန်ရှိသူများက ကျေးရွာရေရရှိရေးကော် မတီဝင်များနှင့်အတူ ဝမ်မိုင်ကျေးရွာတွင် စိမ့်စမ်းရေသွယ်တန်းခြင်း (၃/၀)မိုင် နှင့်ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ကုမ္ပဏီမှ တာဝန်ရှိသူများ နှင့်တွေ့ဆုံကာ လုပ်ငန်းများ သတ်မှတ်စံချိန် စံညွှန်းများနှင့်အညီအချိန်မီပြီးစီးရေး အလေးထား ဆောင်ရွက်သွားကြရန် ဆွေးနွေးမှာကြားခဲ့သည်။

 

ဝမ်မိုင်ကျေးရွာတွင် အဆိုပါလုပ်ငန်းများကို  ပြည်နယ်ခွင့်ပြုရန်ပုံငွေကျပ်(၅၉ ဒသမ ၈၄၂၅)သန်း ဖြင့် တင်ဒါအောင်မြင်သည့် ဟန်လင်းဦးကုမ္ပဏီက တာဝန်ယူဆောင်ရွက်လျက်ရှိပြီး လုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါက  ကျေးရွာရှိ အကျိုးပြုအိမ်ခြေ(၉၀)၊   လူဦးရေ (၄၃၇) ဦးတို့နှင့် ကျွဲ၊ နွား တိရစ္ဆာန်များအတွက် သောက်သုံးရေအခက်အခဲများ အဆင်ပြေသွားမည်ဖြစ်ကြောင်း မိုင်းတုံမြို့နယ် ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှုး ဦးစိုင်းအောင်မျိုးထက်ထံမှ သိရသည်။

 

ချိုသန်းညွန့် (ကျေးလက်)