မိုင်းယောင်း ဇန်နဝါရီ ၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့၌ နွေရာသီကာလများတွင် သောက်သုံးရေ အခက်အခဲ မဖြစ်ပေါ်စေရေးအတွက် မိုင်းယောင်းမြို့ ရေပေးဝေရေးစီမံကိန်း ကွင်းဆင်းလေ့လာ သုံးသပ်ရေးအဖွဲ့မှ ဇန်နဝါရီ ၇ ရက်က ရေအရင်းအမြစ်များအား ကွင်းဆင်းရှာဖွေလေ့လာခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမြတ်သူ၏ ကြီးကြပ်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးစိုင်းဘွန်းစီ ဦးဆောင်သော မိုင်းယောင်းမြို့ ရေပေးဝေရေးစီမံကိန်း ကွင်းဆင်းလေ့လာသုံးသပ်ရေးအဖွဲ့မှ လက်ရှိအသုံးပြုနေသည့် စိမ့်စမ်းရေများ၊ ကန်များ၊ ဆည်များ၊ ရေတွင်းများ လေလွင့်ပျက်စီးမှု မရှိစေရေး၊ ရေရှားပါးမှု ဖြစ်ပေါ်လာပါက အနီးဆုံး ရေရှိနိုင်မည့်နေရာများ၊ ရေအရင်းအမြစ်များ ကြိုတင်လေ့လာထားခြင်း၊ အချက်အလက်များ ပြုစုထားခြင်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း