မိုင်းယောင်း  ၂၈  နိုဝင်ဘာ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် COVID-19 ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေးအတွက် မြို့အဝင် မုန်းလိုက်ပူးပေါင်းစစ်ဆေးရေးဂိတ်၌ ကြက်ခြေနီသူနာပြု တပ်ဖွဲ့ဝင်များက ယမန်နေ့တွင် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း မြို့နယ် COVID-19 ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီအဖွဲ့ဝင် မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့မှူး ဦးသန့်ဇင်ဦး ထံမှ သိရသည်။

 

မိုင်းယောင်းမြို့နယ်တွင် COVID-19 ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေး စနစ်တကျ ဆောင်ရွက်နိုင်ရေးအတွက် မုန်းလိုက်ပူးပေါင်းစစ်ဆေးရေးဂိတ်၌ ကျန်းမာရေး၊ ထွေ/အုပ်၊ ရဲတပ်ဖွဲ့၊ လဝက၊ မီးသတ်နှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ကြက်ခြေနီအသင်းအဖွဲ့များ ပါဝင်သော ပူးပေါင်းအဖွဲ့က ခရီးသွားပြည်သူများအား နေထိုင်ရာအရပ်နှင့် ခရီးသွားလာမှုရာဇဝင် စိစစ်ခြင်း၊ ကိုယ်အပူချိန် တိုင်းတာခြင်းနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေး အမိန့်ညွှန်ကြားချက်များအား လိုက်နာစေရေး နေ့စဉ် စစ်ဆေးကြပ်မတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ထို့အပြင် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ နေအိမ်တွင်း အသွားအလာကန့်သတ် စောင့်ကြည့်မှုခံယူခြင်း(Home Quarantine) ပြုလုပ်နေစဉ်ကာလအတွင်း လိုက်နာဆောင်ရွက်ရမည့် အချက်များနှင့် နှာခေါင်းစည်း မတပ်ဆင်ဘဲ တံတားပေါ် ဖြတ်သန်းသွားလာသူများကို အပြင်ထွက်တိုင်း နှာခေါင်းစည်းတပ်ပါ၊ တတ်နိုင်သမျှ အိမ်ထဲမှာနေပါ၊ မလိုအပ်ဘဲ ကလေးကို ခေါ်မသွားရန်၊ လက်ကို ဆပ်ပြာဖြင့် စက္ကန့် ၂၀ ကြာ မကြာခဏ ဆေးကြောပါ စသော ကျန်းမာရေးဆိုင်ရာ အသိပညာပေးပြီး လက်ကို Hand Sanitizer လက်သန့်ဆေးရည်ဖြင့် ဆေးကြောစေလျက် နှာခေါင်းစည်း အခမဲ့ ပေးဝေကာ စနစ်တကျ တပ်ဆင်ပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါ COVID-19 ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေး မုန်းလိုက်ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် မြို့တွင်းသို့ ဝင်ရောက်လာသည့် ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များကိုလည်း COVID-19 ရောဂါပိုး ရှိ၊ မရှိ Test Kit ဖြင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း