မိုင်းယောင်း ၂၉ ဇွန်
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ်တွင် ဆေးလိပ်ငွေ့ကင်းစင် ရှမ်းပြည်တစ်ခွင် အထိမ်းအမှတ် ကျောင်းအခြေပြု မီနီမာရသွန်ပြိုင်ပွဲကို ဇွန် ၂၉ ရက်နေ့ နံနက် ၅ နာရီက ကျင်းပခဲ့သည်။
ဆေးလိပ်ငွေ့ကင်းစင် ရှမ်းပြည်တစ်ခွင် ကျောင်းအခြေပြု မီနီမာရသွန်ပြိုင်ပွဲကို ကျင်းပရာ အခြေခံပညာအလယ်တန်းကျောင်းရှေ့ရှိ ရဟတ်ယာဉ်ကွင်းမှ စတင်တာထွက်ခဲ့ကြပြီး မြို့တွင်း ဟိုခုံဘုန်းကြီးကျောင်းရှေ့ တြိဂံလမ်းဆုံ၌ လှည့်ပတ်ကာ မူလနေရာသို့ ပြန်လည်ပန်းဝင်ခဲ့ကြသည်။
အဆိုပါပြိုင်ပွဲကို မြို့နယ်အတွင်းရှိ ကျောင်းပေါင်းစုံမှ အလယ်တန်းအဆင့် အမျိုးသားအဖွဲ့နှင့် အမျိုးသမီးအဖွဲ့ဟူ၍ လည်းကောင်း၊ အထက်တန်းအဆင့် အမျိုးသားအဖွဲ့နှင့် အမျိုးသမီးအဖွဲ့ ဟူ၍ လည်းကောင်း အဖွဲ့လေးဖွဲ့ဖြင့် ကျောင်းသား၊ ကျောင်းသူ ၃၀ဝ ကျော်တို့က ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပထမ၊ ဒုတိယ၊ တတိယ၊ စတုတ္ထ၊ ပဉ္စမနှင့် နှစ်သိမ့်ဆုများ အပါအဝင် စုစုပေါင်း ဆု ၁၂၀ ဆု ရွေးချယ်ချီးမြှင့်ကာ ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းအောင်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအိုက်ခမ်းလှိုင်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်စည်ပင် သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်း၊ ရှမ်းပြည်နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌ လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီဝင်းနှင့် တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ပေးခဲ့ကြသည်။
ဆေးလိပ်ငွေ့ကင်းစင် ရှမ်းပြည်တစ်ခွင် အထိမ်းအမှတ် မီနီမာရသွန်ပြိုင်ပွဲကို ဆေးလိပ်သောက်သုံးခြင်းမပြုဘဲ ဆေးလိပ်ငွေ့ရှူရှိုက်ရသူများ အထူးသဖြင့် အမျိုးသမီးများနှင့် ကလေးများကို ကာကွယ်ပေးလိုခြင်း၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေလိုခြင်း၊ ဥပဒေပါ သတ်မှတ်ထားရှိသော ဆေးလိပ်သောက်ခွင့်မရှိသည့် နေရာများကို အများပြည်သူ လေးစားလိုက်နာသည့် အမူအကျင့်ကောင်းများ ရရှိစေလိုခြင်းနှင့် နိုင်ငံသူ နိုင်ငံသားများ အားလုံး သန့်ရှင်းသော လေကောင်းလေသန့် ရှူခွင့်ရရှိရေး၊ ဆေးလိပ်ငွေ့ကင်းစင်သည့် လေကို ရှူခွင့်ရရှိရေး၊ ကျန်းမာကြံ့ခိုင်သည့် နိုင်ငံသူ၊နိုင်ငံသားများဖြစ်စေရေး စသည့်ရည်ရွယ်ချက်များဖြင့် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
အားချာ(ပြန်/ဆက်)


