မိုင်းယောင်း  ၄  စက်တင်ဘာ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းယောင်းမြို့နယ်တွင် မိုးစပါးအထွက်နှုန်း တိုးတက်ရေးအတွက် ဘက်စုံအဆင့်မြင့် နည်းပညာသုံးစံပြကျေးရွာရှိ တောင်သူများအား ပိုးမွှားကာကွယ်ဆေး ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါကျေးရွာ၌ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

အခမ်းအနားတွင် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်မိုးက စပါးစိုက်ပျိုးထုတ်လုပ်ရာတွင် သမရိုးကျ စိုက်နည်းစနစ်များကို ရှောင်ကျဉ်၍ အထွက်တိုးစေမည့် မှန်ကန်သောနည်းစနစ်များကို ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ စပါးအထွက်တိုးစေရန်မှာ စပါးအထွက်ကို အကျိုးပြုနေသော အခြေခံအင်္ဂါရပ်များကို အချိုးညီညီ၊ ဟန်ချက်မပျက်တိုးတက်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စပါးထွက်နှုန်းကို အကျိုးပြုနေသော စပါးထွက်အင်္ဂါရပ်များ တိုးတက်စေရန်အတွက် စပါးပင်၏ သက်တမ်းတစ်လျှောက် အပင်ကြီးထွားမှု အဆင့်တိုင်းတွင် ပြုစုစောင့်ရှောက်ရမည့်လုပ်ငန်းများကို သက်တမ်းအလိုက် မဖြစ်မနေ လိုက်နာနိုင်ကြရန်နှင့် စပါးအထွက်တိုးရန် ရှောင်ရန်ဆောင်ရန်များ၊ မစိုက်ပျိုးမီအချိန် ရှောင်ရန်ဆောင်ရန်များ၊ အနှံထွက်ချိန်တွင် ရှောင်ရန် ဆောင်ရန်များနှင့် ရင့်မှည့်ချိန်တွင် ရှောင်ရန် ဆောင်ရန်များကို ရှင်းလင်းပြောကြားခဲ့သည်။

 

ထို့နောက် စိုက်ပျိုးရေးဦးစီးဌာနမှ ထောက်ပံ့သော ပိုးမွှားရောဂါကာကွယ်ရန် မန္တလာ-၂ ကြွက်သတ်ဆေးကို မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်မိုးက ဘက်စုံအဆင့်မြင့်နည်းပညာသုံး စံပြကျေးရွာ တောင်သူများကို ပေးအပ်ခဲ့ကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း