မိုင်းယောင်း    ဇန်နဝါရီ   ၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်၌ ရေညှိကြော်ဝယ်ယူစားသုံးသူ ပိုများလာမှုကြောင့် တစ်ပိုင်တစ်နိုင် ရေညှိခြောက် ပြုလုပ်ရောင်းချသူများ မိသားစုအပိုဝင်ငွေ ရရှိနေကြောင်း သိရသည်။

“ရေညှိဟာ နှစ်မျိုးရှိပါတယ်။ ချောင်းရေညှိနဲ့ ကန်ရေညှိဖြစ်ပါတယ်။ အခုဟာက ချောင်းရေညှိဖြစ်ပါတယ်။ ချောင်းရေညှိကို ချောင်းထဲမှာ ရှာဖွေရယူပြီး ရေသေချာဆေးကာ နေပူလှန်းရပါတယ်။ ခြောက်သွားပြီဆိုရင် မီးကင်ပြီး ချေရပါတယ်။ ရလာတဲ့ရေညှိအမှုန့်ကို အသင့်ကြော်ထားတဲ့ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဆား၊ ဟင်းခပ်မှုန့်အနည်းငယ်နဲ့ ဆီဆမ်းပြီး သမအောင်နယ်ပေးရပါတယ်။ အရသာကိုတော့ မိမိကြိုက်နှစ်သက်တဲ့ အနေအထားမှာ ထားပြီး ကောက်ညှင်းပေါင်း ပူပူနွေးနွေးနဲ့ စားသုံးနိုင်ပါတယ်။ ရေညှိခြောက် သုံးချပ်လျှင် ကျပ် ၅၀၀၊ အသင့်စားသုံးနိုင်ရန် ရေညှိကြော်တစ်ထုပ်လျှင် ကျပ် ၁၀၀၀ ရောင်းရပါတယ်။ ဒါ့အပြင် အခုဆောင်းရာသီက အရမ်းအေးတော့ ဒီရက်ပိုင်း ရေညှိခြောက်ရောင်းရတာ အဆင်ပြေပါတယ်”ဟု ရေညှိခြောက် ပြုလုပ်ရောင်းချသူများ အမျိုးသမီးတစ်ဦးက ပြောပြသည်။

ဆောင်းရာသီကာလ ဒေသရိုးရာအစားအစာ တစ်မျိုးဖြစ်သော ရေညှိခြောက်ကို ယခင်က သက်ကြီးပိုင်းများသာ ဝယ်ယူစားသုံးကြပြီး ယခုအခါ လူငယ်များသာမက ဘုရားဖူး ဧည့်သည်များကလည်း အရသာထူးကဲသော မိုင်းယောင်းရေညှိခြောက်ကို ခံတွင်းတွေ့ကာ အထူးကြိုက်နှစ်သက်ကြသဖြင့် ဝယ်ယူစားသုံးသူ များပြားနေကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း