မိုင်းယု ဇန်နဝါရီ ၃၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၊ ဒွန်းနွဲ့အုပ်စု ဒွန်းနွဲ့ကျေးရွာအနီး မိုင်းယုမြို့နှင့် ဒွန်းနွဲ့သွားလမ်းရှိ နမ့်ဖွန်ချောင်းပေါ်တွင် မိုင်းယု- ဒွန်းနွဲ့ကြိုးတံတားအား ဇန်နဝါရီ ပထမပတ်မှ စတင်တည်ဆောက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့်ပြီးစီးသွားပြီ ဖြစ်သည်။
အဆိုပါ ကြိုးတံတားတည်ဆောက်မှုကို မိုင်းယုမြို့ အုပ်ချုပ်ရေးမှူး ဦးလောထွေးနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြပ်မတ် စစ်ဆေးခဲ့က ဒွန်းနွဲ့၊ ဝမ်နားမြတ်၊ တာပေါက်၊ မိုင်းလွေ၊ ဝမ်ဆလီ၊ ဝမ်ယမ်းခမ်းနှင့် ဝမ်ပေါက်ကျေးရွာတို့မှ ကျေးလက်နေပြည်သူများက အလှည့်ကျ လုပ်အားဒါန ပါဝင်မှုဖြင့် တည်ဆောက်ကြခြင်းဖြစ်ပြီး ယခုအခါ ရာနှုန်းပြည့်ပြီးစီးသွားခြင်းဖြစ်သည်။
ယင်း ကြိုးတံတားကို ရှမ်းပြည်နယ်အစိုးရအဖွဲ့၏စီမံမှုဖြင့် တည်ဆောက်ပေးခြင်းဖြစ်ပြီး တံတား အရှည် ပေ ၁၀၀၊ အကျယ် ၅ ပေ၊ အမြင့် ၃၇ ပေရှိသည့် ကြိုးတံတားဖြင့်ကြောင်းနှင့် အဆိုပါတံတားကို ဖြတ်သန်းသွားလာကြရမည့် ဒွန်းနွဲ့၊ ဝမ်နားမြတ်၊ တာပေါက်၊ မိုင်းလွေ၊ ဝမ်ဆလီ၊ ဝမ်ယမ်းခမ်းနှင့် ဝမ်ပေါက်ကျေးရွာတို့မှ ပြည်သူများအတွက် ကုန်စည်စီးဆင်းမှု၊ ကူးသန်းရောင်းဝယ်မှု၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးနှင့် ဒေသဖွံ့ဖြိုးမှုတို့အတွက် များစွာအထောက်အကူပြုမည်ဖြစ်ကြောင်းနှင့် အဆိုပါ တံတားကို (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့တွင် ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရသည်။
ကိုကိုနိုင်


