မိုင်းယု ဇူလိုင် ၁၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့တွင် ဇူလိုင်လ ဒုတိယပတ်မှ စတင်၍ မိုးဦးစိုက် အစေ့ထုတ်ပြောင်းများ ရိတ်သိမ်းဆွတ်ခူးနေပြီဖြစ်ကြောင်း သိရသည်။
မိုင်းယုဒေသတွင် ဒေသခံတောင်သူများမှာ ပြောင်းကို တန်ခူးလဆန်းပိုင်း(သင်္ကြန်မိုးဦး) ကျသည်နှင့် စတင်စိုက်ပျိုးကြပြီး Cp.888၊ ယိုးဒယား 288၊ F.888 နှင့် Cp.222 မျိုးများကိုသာ အဓိကအားထား စိုက်ပျိုးကြကြောင်း၊ မိုးအစေ့ထုတ်ပြောင်းများကို ဧက ၂၀၀၀ ကျော်ထိ စိုက်ပျိုးထားလျက် ရှိကြောင်းနှင့် သဘာဝဘေးအန္တရာယ်နှင့် သားရဲတိရစ္ဆာန်တို့၏ ဘေးအန္တရာယ် ကျရောက်မှု နည်းပါးစေရန် လည်းကောင်း၊ အထွက်နှုန်းများများရရှိရန်နှင့် အမြတ်ငွေများများ ရရှိရန်အတွက် လည်းကောင်း အလျင်အမြန်ရိတ်သိမ်းခူးဆွတ်နေကြပြီဖြစ်ကြောင်း တောင်သူများက ပြောပြသည်။
မိုင်းယုမြို့တွင် တောတောင်ရေမြေအရ ကောင်းမွန်လျက်ရှိ၍ ဒေသခံတောင်သူတို့မှာ ဆန်၊ စပါး၊ ပြောင်းနှင့် နှစ်ရှည်ရော်ဘာပင်များကို အဓိကအားထား စိုက်ပျိုးကြပြီး ယခင်နှစ် ရော်ဘာပင် စိုက်ဧကမှာ ၁၂၀၀၀ကျော်၊ ပြောင်းစိုက်ဧက ၂၀၀၀ ကျော်နှင့် မိုးစပါးစိုက်ဧက ၁၂၀၀၀ ကျော်ထိ ရှိခဲ့ကြောင်း ဒေသဆိုင်ရာ အချက်လက် စာရင်းများအရ သိရသည်။
ကိုကိုနိုင်