နေပြည်တော် ၁၅ စက်တင်ဘာ

 

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် စက်တင်ဘာ ၁၄ ရက် နံနက် ၆ နာရီက မိုးညှင်းမြို့နယ်၊ ပင်လုံကျေးရွာအုပ်စု၊ မော်ဟဲကျေးရွာ အနီးရှိ မနောဧကရီတိုးဂိတ်တွင် Light Truck အမျိုးအစား ကုန်တင်ယာဉ်ကိုရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၅,၇၀၀ လည်းကောင်း။

 

အလားတူ ယင်းနေ့ ညနေ ၄ နာရီခွဲက မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ညောင်ရွှေမြို့နယ်၊ တုံလည်ကျေးရွာအုပ်စု၊ ကျောက်တောကျေးရွာနေ မပွား၏နေအိမ်ကိုရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂,၂၀၀ ကိုလည်းကောင်း၊ ထို့အတူ ပူးပေါင်းအဖွဲ့သည် ညောင်ရွှေမြို့နယ်၊ ကျောက်တိုင်ကျေးရွာအုပ်စု၊ နန်းပန်-ကျောက်တလုံးသွား ကားလမ်းပေါ်တွင် စိန်ဖူး(ခ)အောင်ထွန်းလင်း မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂,၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်ဖော်ထုတ်ချက်အရ စက်တင်ဘာ ၁၅ ရက် နံနက်ပိုင်းတွင် ထွန်းဦး(ခ)မောင်ပေ နေထိုင်သည့် ညောင်ရွှေမြို့နယ်၊ ကျောက်တိုင်ကျေးရွာအုပ်စု၊ ကုန်းတိန်ရွာအနီးရှိ သနပ်ဖက်ခြံတဲကိုရှာဖွေရာ ၎င်းထံမှ စိတ်ကြွရူးသွပ် ဆေးပြား ၁၆၀ ကိုလည်းကောင်း။

 

အလားတူ ထိုနေ့ညနေပိုင်းက မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် တောင်ကြီးမြို့နယ်၊ ဇလဲကျေးရွာအနီး၊ တောင်ကြီး-မိုင်းပျဉ်းသွား ကားလမ်းတွင် စည်သူဝင်း မောင်းနှင်လာသည့် Honda Fit မော်တော်ယာဉ်အား စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂,၀၀၀ ကိုလည်းကောင်း။

 

ထို့အတူ ယင်းနေ့ညနေ ၅ နာရီခွဲက မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် တာချီလိတ်မြို့နယ်၊ ဖန်မင်အုပ်စု၊ ပါဝုန်းကျေးရွာနေ အိုက်ဖတ်၏ နေအိမ်ကိုရှာဖွေရာ ၎င်းနှင့်အတူ အိုက်နန်ဟုန်အား တွေ့ရှိရပြီး နေအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၁၉၅,၂၀၀ သိမ်းဆည်းရမိခဲ့သဖြင့် ယင်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

 

ရဲပြန်ကြား