မိုးညှင်း ၆ ဇူလိုင်
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းအကျဉ်းထောင်တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြည်သူလူထုအတွင်း စာအုပ်စာပေဖတ်ရှုမှု ပိုမိုမြင့်မားလာစေရန်အတွက် အသိပညာပေးဟောပြောပွဲနှင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့နံနက်(၉)နာရီတွင် အဆိုပါအကျဉ်းထောင် ဧည့်ရိပ်သာ၌ ကျင်းပရာ ထောင်ပိုင်ကြီးနှင့် ဝန်ထမ်းများ တက်ရောက်ကြသည်။
ဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ကြည်ကြည်နှောင်းက ယနေ့ခေတ်တွင် လူတော်တော်များများသည် စာအုပ်စာပေများ ဖတ်ရှုမှုအားနည်းလာကြောင်း၊ တက်ရောက်လာသည့် မိဘများအနေဖြင့် မိမိတို့သား/သမီးများကို စာပေဖတ်ရှုမှုအလေ့အထများ ရှိလာစေရန် ပြုစုပျိုးထောင်ပေးရန်လိုကြောင်း၊ စာပေဖတ်ရှုမှသာ အကောင်းအဆိုးခွဲခြားဆုံးဖြတ်နိုင်စွမ်းရှိမှာဖြစ်ကြောင်း ဟောပြောဆွေးနွေးသည်။
ဆက်လက်၍ မိုးညှင်းအကျဉ်းထောင်အတွင်း ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသား၊ အကျဉ်းသူများ စာအုပ်စာပေ လွယ်လင့်တကူဖတ်ရှုနိုင်ရန်အတွက် မဂ္ဂဇင်းနှင့်ဝတ္ထုစာအုပ်(၁၀ဝ) အားငှားရမ်းပေးခဲ့ပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဗွီနိုင်းနှင့် လူကုန်ကူးမှုဆိုင်ရာ အသိပညာပေးပြဘုတ်များအား လိုက်လံရှင်းလင်းပြသခဲ့သည်။
အဆိုပါစာအုပ်ငှားရမ်းပေးမှုနှင့် ပတ်သက်၍ လက်ထောက်ကြီးကြပ်ရေးမှူး ဦးစိုင်းဒေါက “ အခုငှားပေးခဲ့တဲ့ စာအုပ်တွေကို အခန်းခြောက်ခန်းခွဲဝေပြီး ဖတ်စေမယ်၊ တစ်ပတ်ကြာရင်ပြန်လဲမယ်၊ ကျွန်တော်တို့လည်းထောင်တွင်းမှာ စာအုပ်ငှားဒါတွေ၊ စာဖတ်ဝိုင်းတွေလုပ်နေတယ်” ဟု ပြောကြားသည်။
မိုးညှင်းအကျဉ်းထောင်တွင် ပြစ်ဒဏ်ကျအကျဉ်းသား/အကျဉ်းသူ ၂၀ဝ၀ ကျော်ရှိပြီး ထောင်တွင်းစာအုပ်ငှားရမ်းဖတ်ရှုစေခြင်း၊ ဖတ်ရှုပြီးစာအုပ်များ ပြန်လည်ဆွေးနွေးခြင်းများကို တစ်ပတ်တစ်ကြိမ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကျော်ကျော်ထွေး(မိုးညှင်း)


