မိုးညှင်း ၂၂ ဩဂုတ်
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် မိုးညှင်းစိုက်ပျိူးရေးသုတေသနခြံတွင် ယနေ့ နံနက် ၉ နာရီက ဒေသခံ တောင်သူများက ကိုရီးယား-မြန်မာ အရည်အသွေးစပါးမျိုးသစ်လိုင်း(၂)လိုင်း၏ ဆန်အရည်အသွေးနှင့် စားသုံးမှု အရည်အသွေးကို တောင်သူများက ပူးပေါင်းပါဝင်လေ့လာအကဲဖြတ်ခြင်း သရုပ်ပြပွဲကို ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ကချင်ပြည်နယ် စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကျော်ကျော်ဝင်းက အမှာစကားပြောကြားပြီး စိုက်ပျိုးရေး သုတေသနဦးစီးဌာန စပါးနှင့်အခြားနှံစားသီးနှံဌာနခွဲ ညွှန်ကြားရေးမှူး ဒေါ်မွှေးမွှေးက ကိုရီးယား-မြန်မာ အရည်အသွေးစပါးမျိုးသစ် လိုင်း(၂)လိုင်း၏ ဆန်အရည်အသွေးနှင့် စားသုံးမှုအရည်အသွေးတို့ကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ဒေသခံတောင်သူများ၏ မေးမြန်းမှုများကို စိုက်ပျိုးရေးသုတေသန ဦးစီးဌာန စပါးနှံသုတေသနဌာန Kopia Project တာဝန်ခံ ဒေါ်ဇာခြည်ဖြိုးက အမှတ်(၁)လိုင်း KoMy Pearl (ကိုမိုင်ပါလ်း)နှင့် အမှတ်(၂)လိုင်း YKQR-01 (ဝိုင်ကေကြူအာ-၀၁) စပါးမျိုး(၂)မျိုးတို့၏ လက်တွေ့စားသုံးမှုကို တက်ရောက် လာသူများက မဲပေးရွေးချယ်ခြင်း နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ပြည်နယ်ဝန်ကြီးနှင့် ဌာနဆိုင်ရာများ၊ ဒေသခံတောင်သူများက အဆိုပါ ကိုရီးယား-မြန်မာ အရည်အသွေးကောင်း စပါးမျိုးသစ် လိုင်းအမှတ်(၁)နှင့်(၂) တို့၏ အသင့်ချက်လုပ်ထားသည့် ထမင်းပုံစံခွက်ကို လက်တွေ့စားသုံး၍ မဲခွဲဆုံးဖြတ်ခဲ့ရာ တောင်သူအများစုက မျိုးစပါး လိုင်းအမှတ်(၂) YKQR-01(ဝိုင်ကေကြူအာ-၀၁)ကို အထူးကြိုက်နှစ်သက်ကြကြောင်းနှင့် ၎င်းတို့ သိရှိလိုသည်များကို မေးမြန်ရာ Kopia Project တာဝန်ခံ ဒေါ်ဇာခြည်ဖြိုးက ရှင်းလင်းပြောကြားသည်။
အဆိုပါ ကိုရီးယား-မြန်မာ အထွက်တိုး မျိုးကူးစပ်စပါးမျိုးနှစ်မျိုးကို ၂၀၁၈ ခုနှစ်၊ ၂၀၁၉ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ် နွေရာသီတွင် ရေဆင်းနှင့် နယ်သုတေသနခြံများတွင် စမ်းသပ်စိုက်ပျိုးအောင်မြင်ခဲ့ကြောင်း သိရသည်။ အခမ်းအနားသို့ ကချင်ပြည်နယ် စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကျော်ကျော်ဝင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် စပါးနှံသုတေသနဌာနမှ Kopia Project တာဝန်ခံ ဒေါ်ဇာခြည်ဖြိုး၊ မိုးညှင်းစိုက်ပျိုးရေးသုတေသနခြံတာဝန်ခံ ဦးမြင့်သောင်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံတောင်သူ(၅၀) တက်ရောက်ကြကြောင်း သိရသည်။
နီတိုး


