မိုးညှင်း ဩဂုတ် ၂၅
ကျေးလက်နေ ပြည်သူများအား လူမှုစီးပွားဘဝ တိုးတက်မြင့်မားပြီး အလုပ်အကိုင် အခွင့်အလမ်းကောင်းများ ရရှိစေရန်ရည်ရွယ်၍ ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဆိုင်ကယ်ပြုပြင်နည်း သင်တန်းကို ဤဦးစီးဌာနရုံး၌ ဩဂုတ် ၁၅ ရက်မှ စတင်ဖွင့်လှစ် သင်ကြားခဲ့ရာ ယနေ့နံနက် (၁၀) နာရီက မြို့နယ်ဦးစီးမှူး ဦးမြသိန်းဝင်းနှင့် တာဝန်ရှိသူများမှ သင်တန်းတွင် သင်တန်းသားများ စိတ်ပါဝင်စားစွာဖြင့် လက်တွေ့သင်ကြားနေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့သည်။
အဆိုပါ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဆိုင်ကယ်ပြုပြင်နည်း သင်တန်းကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေကျပ် သိန်း၃၀ ဖြင့် ဩဂုတ်လ ၁၅ ရက်မှ ၂၉ ရက်အထိ (၁၅) ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းတွင် အင်ဂျင်အလုံးလိုက် ဖြုတ်/ ဆေး/ တပ်ဆင်ခြင်း၊ ဝါယာရိန်းဖြုတ်/ တပ်ဆင်ခြင်း၊ ရှေ့ဘီး၊ နောက်ဘီးများ ကျွတ်လဲလှယ် တပ်ဆင်ခြင်းစသည့် ဆိုင်ကယ်တစ်စီးလုံးနှင့် ပတ်သက်သည့် ဖြုတ်ခြင်း၊ ဆေးခြင်း၊ တပ်ဆင်ခြင်းနှင့် အသေးစိတ် ပြုပြင်ခြင်းများကို ပြင်ပမှ ငှားရမ်းထားသည့် ကျွမ်းကျင်နည်းပြ ဆရာနှစ်ဦးမှ စာတွေ့၊ လက်တွေ့ဖြင့် သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

ထိုသင်တန်းကို မြိုင်ရွာ၊ မြင်သာ၊ ပင့်သာ၊ ကွင်းကြီး၊ ကာဒူ၊ တဲကြင်းကုန်း၊ သာယာကုန်း၊ ဟဲလုံ၊ အင်ကြင်းကုန်း၊ အင်းကုန်းစသည့် ကျေးရွာ (၁၀) ရွာမှ သင်တန်းသား (၂၅) ဦး တက်ရောက်ကြပြီး သင်တန်းဆင်းပြီးပါက သင်တန်းသားများအနေဖြင့် သင်တန်းမှရရှိမည့် ပညာရပ်များကို မိမိရပ်ရွာတွင် အသက်မွေးမှု တစ်ရပ်အဖြစ် ပြန်လည်အသုံးချနိုင်မည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူးထံမှ သိရသည်။
ဇွဲသူရအောင်(မိုးညှင်း)