မိုးညှင်း ဧပြီ ၁၉
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ၌ ဧပြီ ၁၈ ရက် နံနက် ၄ နာရီခန့်က လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် (၃၅)လုံးအပါအဝင် စာသင်ကျောင်းများနှင့် ဘုန်းကြီးကျောင်းတစ်ကျောင်း ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
မိုးသက်လေပြင်းများ တိုက်ခတ်မှုကြောင့် မိုးညှင်းမြို့နယ် မမုန်ကိုင်ကျေးရွာအုပ်စု၊ မိုင်းနောင်ကျေးရွာတွင် လူနေအိမ် (၂၆)လုံး အမိုးလန်ပျက်စီးခဲ့ပြီး အ.ထ.က(မိုင်းနောင်)နှင့် ကျေးလက်ကျန်းမာရေးဌာနတို့တွင် ခြံစည်းရိုးများ ပျက်စီးခဲ့သည်။
အလားတူ ရွှေလက်ပံကျေးရွာအုပ်စု ရွှေလက်ပံကျေးရွာတွင် လူနေအိမ် (၉)လုံး အမိုးလန်ပျက်စီးပြီး အ.မ.က(ရွှေလက်ပံ)ကျောင်းရှိ ဝန်ထမ်းအိမ်ရာ (၂)ဆောင်တွင် အမိုးနှင့် ခြံစည်းရိုးများ၊ အ.မ.က(လယ်ပုံလေး)ကျောင်းတွင် ပြိုကျပျက်စီးခြင်းနှင့် ရွှေလက်ပံဘုန်းကြီးကျောင်းတွင် အမိုးလန်ပျက်စီးမှုများ ဖြစ်ပွားခဲ့သည်။
လေပြင်းများတိုက်ခတ်မှုကြောင့် စာသင်ကျောင်းများနှင့် ဘုန်းကြီးကျောင်းတို့တွင် အမိုးလန်ပျက်စီးခြင်းအား ကျေးရွာအုပ်ချုပ်ရေးအဖွဲ့နှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ရှင်းလင်းဆောင်ရွက်ပေးခဲ့ပြီး လူနှင့် တိရစ္ဆာန် ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။
ဇွဲသူရအောင်(ပြန်/ဆက်)


