မိုးညှင်း  ၂   နိုဝင်ဘာ

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ မိုးညှင်းမြို့နယ်အတွင်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက် ခဲ့သည့် အသုံးပြုသူများအဖွဲ့ (၁၃)ဖွဲ့ထံ သစ်တောမြေဧရိယာ ဧက  ၁၅၁၀ အား ဒေသခံအစုအဖွဲ့ပိုင် သစ်တောတည်ထောင်ခွင့်ပြု လက်မှတ်ပေးအပ်ပွဲ အခမ်းအနားကို နိုဝင်ဘာ ၂ ရက်နေ့ နံနက် ၁၀ နာရီတွင် အုတ်ကျင်းရပ်ကွက်ရှိ ရှမ်းတိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုရုံး၌ ကျင်းပသည်။

 

အခမ်းအနားတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးတင်အေးက အမှာစကား ပြောကြားပြီး မြစ်ကြီးနား ခရိုင်သစ်တော ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးနိုင်နိုင်ထွန်းက ဒေသခံပြည်သူ အစုအဖွဲ့ပိုင်သစ်တော တည်ထောင်ခြင်း ဆိုင်ရာများနှင့် ပတ်သက်၍ ပြောကြားရာတွင် မိမိတို့ဒေသရှိ သစ်တောသယံဇာတများကို ဒေသခံပြည်သူလူထု၏ အကူအညီနှင့် ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ခြင်း အပြင်ဝင်ငွေ တစ်ဖက်တစ်လမ်းမှ ရရှိစေရန်၊ သဘာဝအခြေခံ ခရီးသွားလုပ်ငန်းများ ဖွံဖြိုးတိုးတက် လာစေရေး အစရှိသည့် ရည်ရွယ်ချက်များနှင့် သစ်တောတည်ထောင်ခွင့်ပြု လက်မှတ်များထုတ်ပေးခြင်း ဖြစ်ကြောင်းရှင်းလင်း ပြောကြားပြီး တက်ရောက်လာသည့် အဖွဲ့(၁၃)ဖွဲ့ထံ ဒေသခံပြည်သူ အစုအဖွဲ့ပိုင် သစ်တော တည်ထောင်ခွင့်ပြု လက်မှတ်များကို တာဝန်ရှိသူအသီးအသီးက ပေးအပ်ခဲ့ကြရာ တက်ရောက်လာသည့် အဖွဲ့(၁၃)ဖွဲ့ကိုယ်စား တာဝန်ရှိသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့သည်။

 

မိုးညှင်းမြို့နယ်အတွင်း ယနေ့ပေးအပ်သည့် ဒေသခံပြည်သူ အစုအဖွဲ့ပိုင်သစ်တော တည်ထောင် ခွင့်ပြုသည့် အဖွဲ့(၁၃)ဖွဲ့၊ အဖွဲ့ဝင်ပေါင်း ၄၁၇ ဦး ဧရိယာဧက ၁၅၁၀ အပါအဝင် အသိအမှတ်ပြု လက်မှတ် ထုတ်ပေးထားသည့် အဖွဲ့ပေါင်း ၅၉ ဖွဲ့၊ အဖွဲ့ဝင်ပေါင်း ၂၅၀၂ ဦး ဧရိယာဧက ၁၅၅၉၄ ဒသမ ၃၈ ကို ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောတည်ထောင်ခွင့် ပြုလက်မှတ်များ ထုတ်ပေးခဲ့ပြီး ဖြစ်ကြောင်း မြို့နယ်သစ်တော ဦးစီးဌာနစာရင်းဇယားများအရ သိရသည်။

 

ဒေသခံပြည်သူ အစုအဖွဲ့ပိုင်သစ်တော တည်ထောင်ခွင့်ပြုလက်မှတ်ရရှိသည့် အဖွဲ့များအနေဖြင့် နှစ်(၃၀) စီမံအုပ်ချုပ်မှု လုပ်ငန်းစဉ်ပါ စာချုပ်များအတိုင်း သစ်တောသယံဇာတများ ထိန်းသိမ်းစောင့်ရှောက်ရေး လုပ်ငန်းများအပြင် မိမိတို့၏ ဝင်ငွေတိုးတက်စေရေးအတွက် စိုက်ပျိုးရေး လုပ်ငန်းများလည်း ဆောင်ရွက် နိုင်သည့်အပြင် ဒေသတွင်းသဘာဝကို အခြေခံသော ခရီးသွားလုပ်ငန်းများလည်း ဆောင်ရွက်ခွင့်ရှိကြောင်း သိရသည်။

ကျော်ကျော်ထွေး(မိုးညှင်း)