မိုးညှင်း ၃၁ ဩဂုတ်
ကချင်ပြည်နယ် မိုးညှင်းခရိုင်အတွင်းရှိတောင်သူများ ပိုးသတ်ဆေးအလွန်အကျွံသုံးစွဲမူလျှော့ချနိူင်ရန် ဥကပ်ပါးနဂျီလွှတ်၍ ဇီဝနည်းဖြင့်စပါးစိုက်ပျိုးနည်းအသစ် စမ်းသပ်ပြသခြင်းကို ယနေ့နံနက် ၉ နာရီက မိုးညှင်းမြို့နယ် ရွာသစ်ကုန်းကျေးရွာရှိ FARMER FIELD'S SCHOOL ၌ အလုပ်ရုံဆွေးနွေးပွဲပြုလုပ်ကာ တောင်သူသုံးဦး၏ ဘက်စုံအဆင့်မြင့်နည်းပညာသုံး စံပြစိုက်ကွက် ၁၀ ဧကတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဥကပ်ပါးနဂျီမျိုးစိတ်များကို မန္တလေးတိုင်းဒေသကြီးရှိ ပုလိပ်ဇီဝမျိုးပွားဌာနမှ ထုတ်လုပ်စမ်းသပ်ခဲ့ခြင်းဖြစ်ပြီး ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်အတွင်းရှိ တောင်သူများ စိုက်ပျိုးစရိတ်အကုန်အကျသက်သာကာ ပိုးသတ်ဆေးအလွန်အကျွံ သုံးစွဲမှု လျှော့ချနိုင် ရန်ရည်ရွယ်ချက်ဖြင့် ဇီဝနည်းပညာအသစ်ကို လက်တွေ့စမ်းသပ်ပြသခြင်း ဖြစ်ကြောင်း သိရသည်။
ဥကပ်ပါးနဂျီကဒ်သုံးစွဲပုံမှာ နဂျီပါသောမျက်နှာပြင်အား စပါးရွက်ဘက်တွင်ချိတ်ပေးရမည်ကာ နဂျီကဒ်တစ်ခုနှင့်တစ်ခုကြား ပေ(၃၀)စီခြားကာ ချိတ်ထားရမည်ဖြစ်ပြီး နဂျီကဒ်မချိတ်မီ တစ်ပတ်နှင့် ချိတ်ပြီးတစ်ပတ်အတွင်း ဓာတုပိုးသတ်ဆေးသုံးစွဲခြင်း ရှောင်ကျဉ်ရမည်ဖြစ်ကာ နဂျီကဒ်တစ်ကဒ်လျှင် နဂျီအကောင်ရေ တစ်ထောင်ပါဝင်၍ စိုက်ခင်းတစ်ဧကလျှင် ကဒ် ၄၀ သုံးစွဲရမည်ဖြစ်သည်။
ယနေ့ကျင်းပပြုလုပ်သည့် ဥကပ်ပါးနဂျီလွှတ်၍ ဇီဝနည်းဖြင့်စပါးစိုက်ပျိုးနည်းအသစ် စမ်းသပ်ပြသခြင်းကို ကချင်ပြည်နယ် သီးနှံကာကွယ်ရေးဌာနနှင့် မိုးညှင်းခရိုင်စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး အခမ်းအနားသို့ ကချင်ပြည်နယ် သီးနှံကာကွယ်ရေးတာဝန်ခံ၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝေဝေနှင့် မိုးညှင်းခရိုင် သီးနှံကာကွယ်ရေးတာဝန်ခံ ဒေါ်ဆွေဆွေဝင်း၊ ခရိုင်စိုက်ပျိုးရေးဦးစီးအရာရှိ ဦးထင်အောင်ဇော်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံတောင်သူများ တက်ရောက်လေ့လာခဲ့ကြကြောင်း သိရသည်။
ဝင်းနိုင်(ကချင်မြေ)


