မိုးညှင်း ဇန်နဝါရီ ၁၃

 

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ်ရှိ အင်းတော်ကြီးအိုင်မှ မြန်မာနိုင်ငံ ငါးစားသုံးသူများအတွက် နှစ်စဉ်ငါးကောင်ရေ သုံးသိန်းကျော်ခန့် စိုက်ထည့်ပေးလျက်ရှိကြောင်း ငါးလုပ်ငန်းဦးစီးဌာန အင်းတော်ကြီးဒေသရုံးခွဲမှ သိရသည်။

 

အင်းတော်ကြီးအိုင်သည် မြန်မာနိုင်ငံ၏ အလှဆုံးနှင့် အကြီးဆုံးရေချိုအိုင်ကြီး တစ်အိုင်ဖြစ်ပြီး အရှေ့တောင်အာရှတွင် တတိယအကြီးဆုံး ရေချိုအိုင်ကြီးဖြစ်ကာ အင်းတော်ကြီးအိုင်ပတ်လည်တွင် ကျေးရွာအုပ်စု(၁၁)စုနှင့် ကျေးရွာပေါင်း (၃၃)ရွာရှိသည့်အနက် ကျေးရွာ(၁၇)ရွာမှ ရေလုပ်ငန်းများ လုပ်ကိုင်ကြသူ (၃၀၀)ကျော်ရှိပြီး နှစ်စဉ် ဇူလိုင်လနှင့် ဩဂုတ်လတို့တွင် ငါးလုပ်ငန်းဦးစီးဌာနမှ ငါးသန်မျိုးစိတ်အကောင်ရေ သုံးသိန်းကျော်ခန့် စိုက်ထည့်ပေးလျက်ရှိသည်။

 

အင်းတော်ကြီးအိုင်တွင် ငါးမျိုးစိတ်ပေါင်း (၉၀)ကျော်ရှိရာ နောက်ဆုံးမှတ်တမ်းတင် တွေ့ရှိထားသည့် ငါးမျိုးစိတ်များမှာ မိကျောင်းသွားကြာထိုးတံ ငါးမျိုးစိတ်နှင့် ရေနယားငါးမျိုးစိတ်တို့ဖြစ်ပြီး သိပ္ပံလောက မှတ်တမ်းတင်ခြင်း မရှိသေးသော ငါးမျိုးစိတ်များလည်းရှိကြောင်း သိရသည်။

 

ထို့ပြင် အင်းတော်ကြီးအိုင်နှင့် ပတ်ဝန်းကျင်ရှိ ကြိုးဝိုင်းငါးခုကို အင်းတော်ကြီးတောရိုင်း တိရစ္ဆာန်ဘေးမဲ့တောအဖြစ် ၂၀၀၄ ခုနှစ်တွင် သတ်မှတ်ဖွဲ့စည်းခဲ့ပြီး နိုင်ငံတကာအသိအမှတ်ပြုအဖြစ် ၂၀၀၃ ခုနှစ်တွင် အာဆီယံအမွေအနှစ် ဥယာဉ်အဖြစ်လည်းကောင်း၊ ၂၀၁၆ ခုနှစ်တွင် ရမ်ဆာရေဝပ်ဒေသ အဖြစ်လည်းကောင်း၊ ၂၀၁၇ ခုနှစ်တွင် လူသားနှင့် ဇီဝအဝန်းနယ်မြေ အဖြစ်လည်းကောင်း သတ်မှတ်ခံထားရသော အင်းကြီးလည်းဖြစ်ကြောင်း သိရသည်။

 

ဇွဲသူရအောင်(ပြန်/ဆက်)