မိုးညှင်း မေ ၁၂

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် ဒေသခံပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများရရှိ စေရန် ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဖွင့်လှစ်သည့် လူသုံးကုန် ထုတ်လုပ်မှု နည်းပညာသင်တန်းကို မေလ ၉ ‌ရက်မှ ၁၃ ရက်ထိ နန့်ပုတ်ကျေးရွာရှိ မီဒီယာသင်တန်းကျောင်း၌ အခမဲ့ သင်‌ကြားပေးလျက်ရှိ‌ကြောင်း သိရသည်။

အဆိုပါသင်တန်းတွင် ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက  ဒေသခံပြည်သူများ မိသားစုဝင်ငွေ တိုးပွားလာစေရန်၊ တစ်ပိုင်တစ်နိုင်စီးပွားရေးလုပ်ငန်းများ ထူထောင် လုပ်ကိုင်လာနိုင်စေရန်၊ အလုပ်လက်မဲ့လူဦးရေ လျော့နည်းလာနိုင်စေရန်နှင့် ပြည်ပမှတင်သွင်းလာသော လူသုံးကုန်ပစ္စည်းများ လျော့နည်းလာစေရန် ရည်ရွယ်၍ မြို့ပြနေရာများသာမက ကျေးလက်ဒေသများပါ မကျန် ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် လာရောက်ဖွင့်လှစ်ပို့ချပေးရခြင်းဖြစ်ကြောင်း သိရသည်။

ထိုသင်တန်းတွင် သင်တန်းသား၊ သင်တန်းသူ(၂၀) တက်ရောက်ကြပြီး လက်ဆေးဆပ်ပြာ(Hand Gel)၊ မျက်နှာသစ်ဆေးဆပ်ပြာခဲ၊ ရေချိုးဆပ်ပြာရည်၊ အဝတ်လျှော်ဆပ်ပြာ၊ ဘက်စုံသုံးဆပ်ပြာ၊ ပန်းကန်ဆေး ဆပ်ပြာ၊ သဘာဝခေါင်းလျှော်ရည်၊ ပုလဲခေါင်းလျှော်ရည်၊ လက်ဆေးဆပ်ပြာနှင့် ဖယောင်းတိုင်စသည့် အမျိုးအမည်(၁၀)မျိုးကို စာတွေ့ လက်တွေ့ဖြင့် (၅)ရက်ကြာ အခမဲ့သင်ကြားပို့ချပေးလျက်ရှိ‌‌ကြောင်း ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ သိရသည်။

ဇွဲသူရအောင်(ပြန်/ဆက်)