မလှိုင်
မလှိုင်မြို့တွင် မေ ၂၃ ရက် ည ၁၀ နာရီခွဲအချိန်ခန့်က လေပြင်းတိုက်မှုကြောင့် လူနေအိမ်နှင့် စာသင်ကျောင်းများ အမိုးလန်ပျက်စီးခဲ့ကြောင်း သိရသည်။ မလှိုင်မြို့နယ် ရေချိုဘူတာကျေးရွာမှ အိမ်ခြေ (၂)လုံး အမိုးလန်ပြီး ဆည်ကြီးကျေးရွာတွင် စာသင်ကျောင်းဆောင် တစ်ဆောင်မှ သွပ်ပြား(၅)ချပ်အမိုးလန် ပျက်စီးခဲ့ပြီး လူနှင့် တိရစ္ဆာန်ထိခိုက်မှု မရှိကြောင်း သိရသည်။
ဘိုဘို(မလှိုင်)

အောင်လံ
အောင်လံမြို့နယ် အင်းလယ်ကျေးရွာ၊ ဆင်တုတ်၊ အင်တောသာ၊ အင်းကုန်း၊ ရုံးဆိပ်၊ ချောင်၊ ကျောက်ဆည်၊ ပြလို့၊ ထောက်ကြံ့တိုင်း ကျေးရွာများတွင် မေ ၂၃ ရက်နေ့ ည ၁၀ နာရီအချိန်က လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်(၅၂)လုံး၊ စာသင်ကျောင်း(၂) ကျောင်း၊ ဘုန်းတော်ကြီးကျောင်း(၂) ကျောင်းတို့လေဘေးသင့်၍ အမိုးလန် ပြိုကျပျက်စီးခဲ့သည်။
ယင်းဖြစ်စဉ်ကြောင့် အိမ်ထောင်စု(၅၂)စုမှ လူဦးရေ(၂၂၅) ဦးတို့ လေဘေးသင့်ခံခဲ့ရပြီး လူနှင့်တိရစ္ဆာန်များ ထိခိုက်သေဆုံးမှုမရှိကြောင်းနှင့် လေဘေးသင့်ခံရသူများအား နီးစပ်ရာဆွေမျိုးများ၏နေအိမ်များတွင် ခေတ္တယာယီနေရာချထားပေးပြီး မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်သက်ဆိုင်ရာ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၏ အစီအမံဖြင့် ပြင်ဆင်နိုင်ရေးစီမံဆောင်ရွက်လျှက်ရှိကြောင်း မြို့နယ်ပြန်/ဆက်မှ သိရသည်။

ပွင့်ဖြူ
ပွင့်ဖြူမြို့နယ်၌ မေ ၂၂ ရက် ၊ ညနေ ၄ နာရီခွဲအချိန်က ရုတ်တရက် မိုးသက်လေပြင်း တိုက်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး အဆိုပါ မိုးသက်လေပြင်းတိုက်ခတ်မှုအရှိန်ကြောင့် မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၇ အုပ်စုတွင် လူနေအိမ်များ အမိုးလန်ပျက်စီးခြင်း ၊ ပြိုလဲပျက်စီးခြင်းနှင့် သာသနိကအဆောက်အအုံများ ထိခိုက်ပျက်စီးမှုများ ဖြစ်ပွားခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။
အဆိုပါ မိုးသက်လေပြင်း တိုက်ခတ်မှုအရှိန်ကြောင့် ပွင့်ဖြူမြို့နယ်အတွင်းရှိ မဒဲကျေးရွာအုပ်စုတွင် လူနေအိမ် ၅၆ လုံးနှင့် ဘုန်းကြီးကျောင်း တစ်ကျောင်း အမိုးလန်ပျက်စီးခဲ့ပြီး နွားတစ်ကောင် သစ်ပင်ပိ၍ သေဆုံးခဲ့ကြောင်း၊ မုန်းဇလဲ ကျေးရွာအုပ်စုတွင် လူနေအိမ် ၁၀၈ လုံး အမိုးလန်ပျက်စီးခဲ့ပြီး ရေပုတ်ကလေးကျေးရွာအုပ်စုတွင် လူနေအိမ် ၂၃ လုံး အမိုးလန်ပျက်စီးခြင်းနှင့် လူနေအိမ်တစ်လုံး ပြိုလဲပျက်စီးခဲ့ကြောင်း ၊ ကုလားဟောင်းကျေးရွာအုပ်စုတွင် လူ နေအိမ် ၁၂၇ လုံးနှင့် ဇရပ်တစ်ခု အမိုးလန်ပျက်စီးခဲ့ပြီး ဘုရားတစ်ဆူ ထီးတော်မြေခခဲ့ကြောင်း၊ ရွာသစ်ကုန်းကျေးရွာ အုပ်စုတွင် လူနေအိမ် ၃၈ လုံး အမိုးလန်ပျက်စီးခဲ့ပြီး၊ နဘဲကုန်း ကျေးရွာအုပ်စုတွင် လူနေအိမ် ၄၇ လုံး အမိုးလန် ပျက်စီးခြင်းနှင့် လူနေအိမ် ၃ လုံး ပြိုလဲပျက်စီးခြင်း၊ ဘုန်းကြီးကျောင်း တစ်ကျောင်း အမိုးလန်ပျက်စီးခြင်းနှင့် ဘုရားတစ်ဆူ ထီးတော်မြေခမှု ဖြစ်ပွားခဲ့ကြောင်း၊ ပြည်လုံးကျော်ကျေးရွာအုပ်စုတွင် လူနေအိမ် ၄ လုံး အမိုးလန်ပျက်စီးခဲ့ကြောင်း သိရသည်။
မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် တစ်မြို့နယ်လုံး ပျက်စီးမှုစာရင်းအနေဖြင့် စုစုပေါင်း ကျေးရွာအုပ်စု ၇ အုပ်စုတွင် လူနေအိမ် ၄၀၃ လုံး တစ်စိတ်တစ်ပိုင်း အမိုးလန်ပျက်စီးခြင်း၊ လူနေအိမ် ၄ လုံး ပြိုကျပျက်စီးခြင်း၊ ဘုန်းတော်ကြီးကျောင်း ၂ ကျောင်း အမိုးလန်ပျက်စီးခြင်း ၊ ဘုရားနှစ်ဆူ ထီးတော်မြေခခြင်း၊ ဇရပ်တစ်ခု အမိုးလန် ပျက်စီးခြင်းနှင့် နွားတစ်ကောင် သစ်ပင်ပိ၍ သေဆုံးမှုများ ဖြစ်ပွားခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနရုံး၏ စာရင်းကောက်ယူမှုမှတ်တမ်းများအရ သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)

ငါ့သရောက်
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ငါ့သရောက်မြို့ ကုလားတဲကျေးရွာတွင် မေ၂၃ ရက်နေ့ ည ၁၀ နာရီခွဲ အချိန်ခန့်က လေပြင်းတိုက်ခိုက်မှုကြောင့် နှစ်ပေါင်းတစ်ရာ့ငါးဆယ်ခန့်ရှိ တမာပင်ကြီးလဲကျကာ ငါ့သရောက်မှ ပခုက္ကူဘက်သို့ သွားရောက်သည့် ကျေးလက်လမ်းမကြီးပိတ်နေကြောင်း သိရသည်။ အဆိုပါ တမာပင်ကြီးလေပြင်းတိုက်လဲကျမှုကြောင့် ကွန်ကရစ်ဓာတ်တိုင် တစ်တိုင်နှင့် ၁၁ ကေဗွီ သုံးကြိုးတစ်ချောင်း ပျက်စီးမှုဖြစ်ပေါ်ခဲ့ကာ ရွာထဲရှိလူနှင့်တိရစ္ဆာန်ထိခိုက်မှုမရှိခဲ့ကြောင်း သိရသည်။