ဆီဆိုင် ၂၈ မေ


စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ လူထုဗဟိုပြုစီမံကိန်းမှ မြို့နယ်စီမံကိန်းရေးဆွဲရေးတွင် ကျေးရွာဖွံ့ဖြိုးရေးအစီအစဉ်များကို ထည့်သွင်းအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး အလုပ်ရုံဆွေးနွေးပွဲကို မေ ၂၈ ရက် နံနက် ၁၀ နာရီက မြို့နယ်ခန်းမဆောင်၌ ကျင်းပခဲ့ကြောင်း သိရသည်။


အလုပ်ရုံဆွေးနွေးပွဲတွင် ရှေးဦးစွာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်စံလွင်က အဖွင့်အမှာစကား ပြောကြားပြီး  ရှမ်းပြည်နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပြည်နယ် ဦးစီးမှူး ဦးမောင်မောင်ဝင်းက ဆွေးနွေးပွဲ၏ မျှော်မှန်းချက်အား ပြောကြားသည်။ 


ဆက်လက်၍ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်က အလုပ်ရုံဆွေးနွေးပွဲလုပ်ငန်းစဉ်များအပေါ်ရှင်းလင်းပြောကြားပြီး မြို့နယ်လူထုဗဟိုပြုစီမံကိန်း တာဝန်ခံ ဦးခွန်ဇော်မျိုးထွန်းက အလုပ်ရုံဆွေးနွေးပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် VDP ဖြစ်ပေါ်လာပုံများအား ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။ 


ထို့နောက် မြို့နယ်နည်းပညာအကြံပေးအဖွဲ့ခေါင်းဆောင် ဦးမျိုးသန့်က ဆီဆိုင်မြို့နယ် ကျေးလက်ဖွံ့ဖြိုးရေး အတွက် သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်ရန် လိုအပ်သည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာသူများမှ ပွင်းလင်းစွာ အဖွဲ့အလိုက် ဆွေးနွေးခြင်း၊ အဖွဲ့အလိုက်ဆွေးနွေးချက်များအား မြို့နယ်စီမံကိန်းရေးဆွဲ ရာတွင် ကျေးရွာဖွံ့ဖြိုးရေးအစီအစဉ်များကို ထည့်သွင်းရေးဆွဲနိုင်ရေး သက်ဆိုင်ရာကဏ္ဍအလိုက် ပြန်လည်တင်ပြခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။


လူထုဗဟိုပြုစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်သည့် မြို့နယ်တိုင်းတွင် ကျေးရွာဖွံ့ဖြိုးရေး အစီအစဉ်(VDP Plan)များရှိရာ ထိုအစီအစဉ်များ/လုပ်ငန်းများအား သက်ဆိုင်ရာဌာနဆိုင်ရာများ၏ ဘတ်ဂျတ်ဖြင့် နှစ်စဉ်နှစ်တိုင်း အကောင်အထည်ဖော်ရာတွင် ထည့်သွင်းစဉ်းစားနိုင်ရန်နှင့် (CDD)စီမံကိန်းမှ ထောက်ပံ့ပေးမည့် ရန်ပုံငွေဖြင့်ဆောင်ရွက်မည့်လုပ်ငန်းများအား ကျေးရွာအတွက် အကျိုးရှိစွာ အသုံးချနိုင်ရန် ရည်ရွယ်၍ ကျေးရွာဖွံ့ဖြိုးရေး အစီအစဉ်များကို ထည့်သွင်း အကောင်အထည်ဖော် ရေးဆွဲနိုင်ရေး အလုပ်ရုံဆွေးနွေးပွဲ VDP intergration workshop ကို ပြုလုပ်ရခြင်းဖြစ်ကြောင်း သိရသည်။


ခွန်ရဲထွေး(ဆီဆိုင်)

 

1