ပေါက်ခေါင်း ၁၆ ဇူလိုင်

 

ပေါက်ခေါင်းမြို့နယ် ပြည်-ပေါက်ခေါင်းကားလမ်း မဲကင်းကုန်းရွာအနီးတွင်  ဥစားဘဲအကောင်‌ရေ ၂၈၀၀ ကျော်ကို တောင်ငူမြို့မှလာရောက်၍ ကွင်းလွှတ်နယ်လှည့်မွေးမြူလျက်ရှိကြောင်း သိရသည်။

 

နွေစပါးပေါ်ချိန် အစာပေါများချိန်တွင် ကွင်းလွှတ်လာရောက် မွေးမြူခြင်းဖြစ်ပြီး အစာရှားပါးချိန် ရောက်မှ တခြားနယ်သို့ ပြောင်းရွှေ့မွေးမြူကြောင်း သိရသည်။

 

ဘဲအကောင်ရေ ၂၈၀၀ ကျော်မွေးတယ်၊ တစ်နေ့ကို ဘဲဥအလုံး ၁၂၀၀ ကျော်ဥတယ်၊ ကွင်းကောင်း အစာကောင်းရင်တော့ ၂၀၀၀ လောက်ဥပါတယ်။ ကွင်းလွှတ်ဆိုတော့ အစာဖိုးမကုန်ဘူးပေါ့၊ အိမ်ပြန်ရောက်ပြီး ခြံနဲ့မွေးရင်တော့ အစာဖိုး တစ်နေ့ ကျပ် ၆၀၀၀၀ ကျော်လောက် ကျွေးရတယ်။ ဈေးနှုန်းက ဖောက်သယ်ဈေး တစ်လုံး ၁၁၀ နဲ့ အရောက်ပို့ပါတယ် ဟု ဘဲမွေးမြူရေးလုပ်ကိုင်သူ ဦးအောင်ကျော်ဌေး ပြောသည်။

 

ပေါက်ခေါင်းမြို့နယ်တွင် တစ်လခွဲခန့် မွေးမြူရေးလုပ်ကိုင်ပြီးပါက စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့သို့ ဆက်လက်သွားရောက်မည်ဟု သိရပြီး သီတင်းကျွတ်လရောက်မှ မိမိဒေသသို့ပြန်ပြီး နေအိမ်တွင် (တည်ကျွေး) ခြံနှင့် ထားရှိမွေးမြူမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ နယ်လှည့်သွားလာမွေးမြူရေး လုပ်ကိုင်သူများသည် အစာရေစာပေါများသည့် နေရပ်ဒေသအသီးသီးသို့ သွားရောက်ကာ တောင်သူများ၏ ရိတ်သိမ်းပြီး လယ်ကွင်းများထဲတွင် ကွင်းလွှတ်မွေးမြူလျက်ရှိရာ တစ်ချို့ ဥစားဘဲ မွေးမြူသူများသည် အကောင်ရေ ၅၀၀၀ ခန့်အထိ မွေးမြူထားကြောင်း သိရသည်။

 

သန်းထွန်းအောင်(ပြန်/ဆက်)