ကျောက်ထု ၃ ဇူလိုင်
မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ကျောက်ထုမြို့ဒေသတွင် မိုးဦးကျ သစ်ပင်စိုက်ပျိုးရေး ကာလအတွင်း စိုက်ပျိုးနိုင်ရန် ဆောမြို့နယ် သစ်တောဦးစီးဌာနက ကျွန်းပျိုးပင်များ ၂၀၀၀၀ ကို ကျေးရွာ ၄၆ ရွာရှိ ပြည်သူများထံ အခမဲ့ဖြန့်ဝေပေးထားကြောင်း သိရသည်။
ကျောက်ထုမြို့ဒေသတွင် အသားတင်စိုက်ပျိုးနိုင်သော မြေ ၁၇၆၁၆၇ ဧကရှိပြီး ကြိုးဝိုင်း ကာကွယ်တောမြေ ၇၁၀၈၆ ဧကရှိသည်။ ယခု ဖြန့်ဝေပေးခဲ့သော ကျွန်းပျိုးပင်များအား တောရိုင်းမြေ ဥယျာဉ်ခြံမြေနှင့် ယာမြေများတွင်စိုက်ပျိုးရန်အတွက် ဖြန့်ဝေပေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ကျွန်းပင်သည် စတင်စိုက်ပျိုးသည့်အချိန်မှစ၍ နှစ် ၄၀ ကျော်ပါက အသုံးပြုမည့် ကျွန်းသစ်များ ထုတ်ယူနိုင်ကြောင်းနှင့် ကျောက်ထုဒေသသည် ပူအိုက်စိုစွတ်သည့် ရာသီဥတုရှိပြီး ကျွန်းသစ်စိုက်ပျိုးရန် သင့်လျှော်သော ဒေသဖြစ်ကြောင်း ဆောမြို့နယ် သစ်တောဦးစီးဌာမှ ဦးစီးအရာရှိ ဦးမောင်ငယ်က ပြောကြားသည်။
ကျွန်းပင်များကို စိုက်ပျိုးခြင်းအားဖြင့် ဒေသအတွင်း ဝင်ငွေများတိုးတက်ရရှိနိုင်သည့်အပြင် ရေဝေရေလွှဲများ ထိန်းသိမ်းရာရောက်ပြီး ရာသီဥတုကိုပါ ထိန်းညှိပေးနိုင်ကြောင်း သဘာဝပတ်ဝန်းကျင် ချစ်မြတ်နိုးသူများအဖွဲ့အစည်းမှ ဦးဝင်းဇော်၏ ပြောကြားချက်အရ သိရသည်။
မောဟေမာန် (ပြန်/ဆက်)


