ရန်ကုန်  မေ ၁၁

           

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေး သည် အတွင်းရေးမှူး ဦးညွန့်ဖေ၊ ကော်မတီဝင်များနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

 

ရှေးဦးစွာ မြို့တော်ဝန်နှင့်အဖွဲ့သည် ဈေးများနှင့်ကုန်စည်ပွဲရုံများ ဌာနနှင့် ဆန်းမြတ်ထွန်း ကုမ္ပဏီတို့ ပူးပေါင်း၍ တာဝန်ယူ ဆောင်ရွက်နေသော မင်္ဂလာဈေး ပြန်လည်တည်ဆောက်ရေး လုပ်ငန်းခွင်သို့ သွားရောက်၍ လုပ်ငန်းပြီးစီးမှု အခြေအနေများကို မြေပြင် ကွင်းဆင်းစစ်ဆေးသည်။

 

 ပြီး ကုမ္ပဏီမှ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုနှင့် ဆောင်ရွက်ပြီးစီးမှု အခြေအနေများအား တင်ပြမှုအပေါ် မြို့တော်ဝန်မှ လုပ်ငန်းအား သတ်မှတ်ချိန်ကာလ အတွင်း စံချိန်စံညွှန်း ကိုက်ညီစွာဖြင့် ပြီးစီးအောင် ဆောင်ရွက်ရေး၊ ဆိုင်ခန်းဖွဲ့စည်း နေရာချထားမှုများ အဆင်ပြေချောမွေ့စေရေးတို့ကို မှာကြားပြီး လုပ်ငန်း လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

 

ယခု ပြန်လည်တည်ဆောက်နေသော ဈေးသည် မြေပေါ်အမြင့် ၂၂၃ ပေရှိ မြေအောက် နှစ်ထပ်၊ မြေပေါ် ၁၅ ထပ် RC ကွန်ကရိ အဆောက်အဦဖြစ်ပြီး ဘဏ်များ၊ City Mart ၊ ဆိုင်ခန်းများ၊ ရုံးခန်းများနှင့် ယာဉ်ရပ်နားရန်နေရာများ ပါဝင်မည်ဖြစ်ပြီး ၅ ထပ် အထိတည်ဆောက်မည့် စီမံကိန်း (ပထမပိုင်း) ကို ၂၀၂၂ ခုနှစ် အောက်တိုဘာလတွင် လည်းကောင်း၊ ကျန်လုပ်ငန်းများဖြစ်သည့် စီမံကိန်း (ဒုတိယပိုင်း)ကို  ၂၀၂၃ ခုနှစ် ဧပြီလတွင်လည်းကောင်း ပြီးစီးရန် ရည်မှန်းဆောင်ရွက်လျက်ရှိရာ ယခုအထိ ၄၆ ရာခိုင်နှုန်း ပြီးစီး ပြီဖြစ်ကြောင်း သိရသည်။

 

ထို့နောက် မြို့တော်ဝန်နှင့် အဖွဲ့သည်  ဗဟန်းမြို့နယ် ကန်တော်ကြီး သဘာဝ ဥယျာဉ်၊ ကန်ရေပြင်အတွင်း Aquamarine ယာဉ်ဖြင့် ရေညှိနှင့်မှော်များ ဆယ်ယူရှင်းလင်းနေမှု၊ မန်းကျည်းတန်းမြောင်းအတွင်း နုန်းစုကန်တည်ဆောက်နေမှုနှင့် မြောင်းအတွင်း အမှိုက်နှင့်နုန်းများ ဆယ်ယူရှင်းလင်းနေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

 

(သတင်းစဉ်)