ရန်ကုန် ၃ ဇူလိုင်
မိုးရာသီတွင် ခြင်ကျားပိုးလောက်လန်း အများဆုံး ပေါက်ပွားတတ်သောကြောင့် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားလေ့ရှိရာ မိမိနေအိမ်နှင့် ဝန်းကျင်တွင် ပိုးလောက်လန်းပေါက်ပွားမှုအား မိမိနေအိမ်ကစ ကြိုတင် ကာကွယ်ထိန်းချုပ်ရေး အထူးလိုအပ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
“သွေးလွန်တုပ်ကွေးရောဂါဟာ ကိုဗစ်-၁၉ ရောဂါလို ကုသနိုင်တဲ့ဆေးမရှိသေးပါဘူး။ ဒန်ဖက်ဆီးယားဆိုတဲ့ ကာကွယ်ဆေးပဲ ရှိပါသေးတယ်။ ဒါကြောင့်အထူး ဂရုစိုက်ဖို့လိုပါတယ်။ ဇွန်လကစပြီး သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုများတတ်တာကြောင့် ကိုဗစ်-၁၉ ကာလမှာ မိမိနေအိမ်ကစပြီး သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ဖို့အထူး လိုအပ်ပါတယ်”ဟု ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ အေးမွန်မွန်ကျော်က ပြောသည်။
၁၉၆၄ ခုနှစ်မှစ၍ မြန်မာနိုင်ငံတွင် သွေးလွန်တုပ်ကွေး ရောဂါစတင်ဖြစ်ပွားခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးတွင် ၁၉၇၀ ခုနှစ်၌ သွေးလွန်တုပ်ကွေးရောဂါ စတင်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ သွေးလွန်တုပ်ကွေး ရောဂါကြိုတင် ကာကွယ်ရေးလုပ်ငန်းတွင် နေအိမ်များ၌ ဖုံး၊ သွန်၊ လဲ၊ စစ်သည် အဓိက ဆောင်ရွက်ရမည့် လုပ်ငန်းတစ်ခုဖြစ်ပြီး ကျန်းမာရေးဦးစီးဌာနမှ ရပ်ကွက်၊ ကျေးရွာများရှိနေအိမ်များ၊ စာသင်ကျောင်းများနှင့် ပိုးလောက်လန်း ခိုအောင်းနိုင်သော နေရာများတွင် အဘိတ်ဆေးခပ်ခြင်းလုပ်ငန်းကို ကွင်းဆင်းဆောင်ရွက်လျက်ရှိသည်။
ကမ္ဘာပေါ်တွင် နှစ်စဉ်လူဦးရေ သန်း ၃၉၀ ကျော်မှာ သွေးလွန်တုတ်ကွေးရောဂါပိုး ကူးစက်ခံရလျက်ရှိပြီး ၂၀၁၉ ခုနှစ်သည် သွေးလွန်တုပ်ကွေး ရောဂါအများဆုံးဖြစ်ပွားခဲ့ရာ နှစ်တစ်နှစ်ဖြစ်၍ အမေရိကားတိုက်၌ ၃ ဒသမ ၁ သန်းဖြစ်ပွားခဲ့ကြောင်း၊ ၂၀၂၀ ခုနှစ်တွင် မြန်မာနိုင်ငံ၌ သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားသူ ၁၃၃၄ ဦးရှိခဲ့ပြီး ၉ ဦးသေဆုံး၍ မေ ၃၀ ရက်နေ့ထိ ရန်ကုန်တိုင်းဒေသကြီးတွင် သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားသူ ၂၅၁ ဦးတွင် ၄ ဦး သေဆုံးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားရခြင်းသည် သွေးလွန်တုပ်ကွေး ဗိုင်းရပ်စ်ပိုး (Dengue Virus) သယ်ဆောင် လာသော နေ့အချိန်တွင် ကိုက်လေ့ရှိသည့် ခြင်းကျားကိုက်ခံရခြင်းကြောင့်ဖြစ်ပြီး ထိုခြင်ကျားမှာ ရေကြည်ရေသန့် တွင် ၈ ရက်မှ ၁၀ ရက်အတွင်း ပိုးလောက်လန်းမှ ကူးပြောင်းလာခြင်းဖြစ်ရာ သက်တမ်းနှစ်ပတ်မှ တစ်လအတွင်း ဥပေါင်း ၄၀ဝ မှ ၈၀ဝ ထိ ဥနိုင်သောကြောင့် မိမိနေအိမ်မှစ၍ ပိုးလောက်လန်းနှိမ်နင်းရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ မိုးရာသီတွင် အထူးသတိပေးလျက်ရှိသည်။
ကမ္ဘာပေါ်တွင် သွေးလွန်တုပ်ကွေးရောဂါ အမြစ်တွယ်နေသော နိုင်ငံပေါင်း ၁၀ဝ ကျော်ရှိပြီး နှစ်ပေါင်း ၂၀ အတွင်း သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားမှုသည် ၁၅ ဆတက်လာသောကြောင့် သေဆုံးနှုန်းမှာလည်း ၅ ဆတက်လာ ကြောင်း သိရသည်။
သွေးလွန်တုတ်ကွေးဖြစ်ပွားမှုများသော တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် ရန်ကုန်တိုင်းဒေသကြီးလည်း ပါဝင်ရာ ယခုလိုမိုးရာသီ၌ ကမ္ဘာ့ကပ်ရောဂါဖြစ်သော ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့်အတူ သွေးလွန် တုပ်ကွေးရောဂါ ကာကွယ်ရေးကိုလည်း မိမိနေအိမ်မှအစပြု၍ ကာကွယ်ရန် ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦး စီးဌာနမှ အသိပေးထားခြင်းဖြစ်ကြောင်း သိရသည်။
သန်းထိုက်


