ဝါးခယ်မ ၉ မေ
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ သစ်တောဦးစီးဌာနက ယခုလာမည့် မိုးရာသီကာလတွင် မြို့နယ်အတွင်း အရိပ်ရသစ်ပင်များ စိုက်ပျိုးနိုင်စေရန် ပျိုးပင်များ စိုက်ပျိုးထားရှိပြီး အခမဲ့ ဖြန့်ဝေ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။
သစ်တောပြုန်းတီးမှုကြောင့် ရင်ဆိုင်ကြုံတွေ့နေရသည့် ရာသီဥတုပြောင်းလဲမှု ဖြစ်စဉ်များအား လျော့ချသွားနိုင်စေရေး၊ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်စေရေးတို့ကို ရည်ရွယ်ပြီး ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ပျိုးပင်များကို ဒေသရာသီဥတုနှင့် ကိုက်ညီသော အရိပ်ရသစ်ပင်များဖြစ်သည့် မန်ဂျန်ရှား၊ ကျွန်း၊ ပျဉ်းကတိုး၊ မဟော်ဂနီ စုစုပေါင်း ပျိုးပင် ၃၈၀ဝ၀ အား ဖြန့်ဝေ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ် သစ်တောဦးစီးဌာနမှ တောအုပ် ဦးမင်းမင်းဦး ၏ ပြောပြချက်အရ သိရသည်။
မိုးရာသီကာက အရိပ်ရသစ်ပင်များကို မြို့နယ်အတွင်းရှိ ကျေးရွာ ဆက်သွယ်ရေးလမ်း ဝဲ / ယာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်စုများ၊ ဌာနဆိုင်ရာရုံးများ၊ အခြေခံပညာကျောင်းများ၊ သာသနာရေး အဆောက်အဦများ၊ ကမ်းပါးပြိုကာကွယ်ရေးအတွက် စိုက်ပျိုးရန်နေရာများ၊ ပျိုးပင်များအား စိုက်ပျိုးလိုသည့် ဒေသခံပြည်သူများကို အခမဲ့ ဖြန့်ဝေစိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။
လွှမ်းသီဟ (ပြန်/ဆက်)
