ရန်ကုန်  ၉  ဇွန် 

 

ကမ္ဘာ့ပတ်ဝန်းကျင်နေ့ကို ဂုဏ်ပြုသောအားဖြင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန သန်လျင်မြို့နယ် သစ်တောဦးစီးဌာနနှင့် UPG Paint $ Coating ကုမ္ပဏီတို့ ပူးပေါင်းစီစဉ်မှုဖြင့် ကျောက်တန်းမြို့နယ် ဘန့်ဘွေးကုန်း ရေလှောင်တမံကြိုးဝိုင်းအတွင်း မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက်က အဆိုပါ ကြိုးဝိုင်းအတွင်း ကျင်းပသည်။

 

အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသိန်းတိုးက အမှာစကားပြောကြားသည်။ ထို့နောက် UPG Paint & Coating ကုမ္ပဏီ မှ မန်နေဂျင်းဒါရိုက်တာ ဦးအေးဟန်က ကမ္ဘာ့ပတ်ဝန်းကျင်နေ့ အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲတွင် ပါဝင်ဆောင်ရွက်ရသည့်အကြောင်းကို ရှင်းလင်းပြောကြားသည်။

 

ယင်းနောက် သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသိန်းတိုးနှင့် လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကြီး တို့က ပျိုးပင်များကို ကျောက်တန်းမြို့နယ် အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့၊ ပညာရေးဌာန၊ ရဲတပ်ရင်း ( ၇ ) မှ အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေး အဖွဲ့ဝင်များ ၊ UPG Paint & Coating ကုမ္ပဏီ မှဝန်ထမ်းများသို့ ပေးအပ်ကြသည်။

 

ထို့နောက် ဘန့်ဘွေးကုန်းရေလှောင်တမံကြိုးဝိုင်းအတွင်း သစ်ပင်ပျိုးပင်ပေါင်း ( ၁၀၈၀ ) ကို စုပေါင်းစိုက်ပျိုးရာ ကျောက်တန်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းဌေး ၊ ညွှန်ကြားရေးမှူး ဦးသိန်းတိုး နှင့်တာဝန်ရှိသူတို့က ကြည့်ရှု အားပေးကြသည်။ ကြိုးဝိုင်းအတွင်း စိုက်ပျိုးသည့် ပျိုးပင်များမှာ အော်ရီရှား၊ မန်ဂျန်ရှား၊ ယူကလစ်၊ ပျဉ်းကတိုး၊ ပျဉ်းမနှင့် ပိတောက်တို့ ပါဝင်ကြသည်။

 

ဇွန် ( ၅ ) ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ ဆောင်ပုဒ်မှာ လေထုညစ်ညမ်းမှုကို တိုက်ဖျက်ကြပါစို့  ဖြစ်သည်။

 

အောင်သူရ

 

IMG_96