တွံတေး ၃၀ ဇွန်
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်တွင် သစ်တောဦးစီးဌာနနှင့် ပြည်သူများ ပူးပေါင်းကာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် စိမ်းလန်းစိုပြေရေးအတွက် ယခုနှစ်မိုးရာသီတွင် ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာများ၊ စာသင်ကျောင်းများတွင် သစ်ပင်ပေါင်း (၃၃၀ဝ၀) စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ မြို့နယ်သစ်တောဦးစီးဌာန တွံတေး(မြို့မ) ယာယီပျိုးဥယျာဉ်တွင် ပျိုးပင်ပေါင်း (၃၃၀ဝ၀)ပျိုးထောင်ထားကြောင်း သိရှိရပြီး တွံတေးမြို့နယ်အတွင်း ၂၀၁၉ခုနှစ် မိုးရာသီတွင် ကျွန်း(၃၃၀ဝ)၊ ယူကလစ် (၂၂၀ဝ )၊ မန်ဂျန်ရှား(၆၆၀ဝ) ခရေ(၃၃၀ဝ)၊ ပျဉ်းမ(၃၃၀ဝ)၊ ကဗွီး(၁၆၅၀)၊ မယ်ဇလီ(၁၆၅၀)၊ စိန်ပန်း(၃၃၀ဝ)ပင်၊ ငုဝါ (၁၁၀ဝ)၊ ဗန်ဒါ(၁၁၀ဝ)၊ ဝါး(၅၅၀ဝ) စုစုပေါင်းပျိုးပင်(၃၃၀ဝ၀) ကို ရှင်သန်အောင် စိုက်ပျိုးသွားမည်ဖြစ်သည်။
သစ်ပင်ချစ်သူ ဝါသနာရှင်များအနေဖြင့် စိုက်ပျိုးလိုပါက ပျိုးပင်များ အခမဲ့ ဖြန့်ဖြူပေးသွားမည်ဖြစ်ကြောင်း၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှုးများနှင့် ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများအနေနှင့် မိမိတို့ စိုက်ပျိုးမည့် ပျိုးပင်များကို မြို့နယ် သစ်တောဦးစီးဌာန ပျိုးဥယျာဉ်တွင် ထုတ်ယူစိုက်ပျိုးနိုင်ကြောင်း သိရသည်။
မျိုးလှိုင် (တွံတေး)


