နေပြည်တော်၊ ဇူလိုင်၂၂
မိုးရာသီတွင်ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးဆိုင်ရာ အသိ ပညာပေးဟော ပြောပွဲကို ယနေ့ မွန်းလွဲ(၂)နာရီတွင် နေပြည်တော်၊ တပ်ကုန်းရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၌ ကျင်းပရာ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားရှိ ဌာနခွဲအသီးသီးမှ ဝန်ထမ်းများ တက်ရောက်ကြသည်။
အဆိုပါဟောပြောပွဲတွင် တပ်ကုန်းမြို့နယ်၊ ခုတင် ၁၀၀ ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာ ကျော်မောင်က သွေးလွန်တုပ်ကွေးရောဂါသည် မိုးရာသီတွင် အဖြစ်များပြီး ရေကြည်ရေသန့်များ၌ ပေါက်ဖွားသည့် ခြင်ကိုက်ခြင်းမှတစ်ဆင့်ဖြစ်ပွားခြင်းဖြစ်၍ ဖုံး၊ သွန်၊ လဲ၊ စစ် စသည့် လုပ်ငန်း ၁၁ ချက်နှင့်အညီ ပြည်သူများက ပူးပေါင်းလုပ်ဆောင်ကြရန် လိုအပ်သကဲ့သို့ ကလေး ငယ်များကိုလည် ခြင်ကိုက်မခံရအောင်အထူးဂရုစိုက်ကြရန် လိုအပ်ကြောင်း၊ သွေးလွန် တုပ်ကွေးရောဂါ ဖြစ်ပွားမှုကို ကာကွယ်နိုင်ရန် အတွက် မိမိတို့နေအိမ် ပတ်ဝန်းကျင်တွင် ခြင်ကျား၊ ပိုးလောက်လန်းမပေါက်ပွားအောင် ပြုလုပ်ရန် လိုအပ်ပြီး အိမ်တွင်အသုံးပြုနေသည့် ရေစည်ရေအိုးများနှင့် ဘုရားပန်းအိုးများကို တစ်ပတ်လျှင် တစ်ကြိမ်အသစ်လဲရန် လိုအပ်ကြောင်း၊ သွေးလွန်တုပ်ကွေးရောဂါ လက္ခဏာများနှင့် သံသယဖြစ်ဖွယ် ဂရုပြုစောင့်ကြည့်ရမည့် အချက်များကို ဟောပြောဆွေးနွေးသည်။
ဆက်လက်၍ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံ) ဦးဝင်းသူက ကျေးဇူးတင်စကား ပြောကြားပြီး သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးအတွက် ဝန်ထမ်းများနှင့် မိသားစုများ လိုက်နာဆောင်ရွက်ကြရန် မှာကြားသည်။
ယင်းနောက် တပ်ကုန်းမြို့နယ် ခုတင် ၁၀၀ ပြည်သူ့ဆေးရုံမှ တာဝန်ရှိသူများနှင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားရှိ တာဝန်ရှိသူများ ပူးပေါင်းပြီး ဝန်ထမ်းအိမ်ရာများ ခြင်ဆေးဖြန်းခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။
(သတင်းစဉ်)