ဟိုင်းကြီးကျွန်း ၂၈   သြဂုတ် 

ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့၊ ညောင်ဝိုင်းကျေးရွာအုပ်စု၊ ညောင်ဝိုင်းကျေးရွာအနီး ပုသိမ်-မော်တင်ကားလမ်းဘေး (ဒေသအခေါ် အလုံစု)တွင် ယနေ့ နံနက်ပိုင်းက မိုးရွာသွန်းမှုများ၍ လမ်းဘေးမြေသားများ အက်ကွဲကာ ပြိုကျမှုဖြစ်ပွားခဲ့သဖြင့် ကားလမ်းဘေး မြေသားပေါ်၌ နေအိမ်ဆောက်လုပ်နေထိုင်ကြသော လူနေအိမ်လေးလုံး ထိခိုက်ပျက်စီးမှု ဖြစ်ပေါ်ခဲ့ပြီး ယင်းမြေ အက်ကွဲပြိုကျမှု ဖြစ်စဉ်တွင် လူထိခိုက်မှု မရှိကြောင်း သိရှိရသည်။

ကားလမ်းဘေး မြေကြီးပြိုကျရာ၌ ထိခိုက်ပျက်စီးသွားခဲ့သော နေအိမ်များမှာ ဒေသခံဦး အောင်နိုင်စိုး၊ ဦးစိန်ထွန်းရီ၊ ဦကိုနိုင်၊ ဦးထွန်းအောင်တို့၏ နေအိမ်များဖြစ်ကြပြီး ဓနိမိုး၊ ဓနိကာ၊ ပျဉ်ခင်း နေအိမ်(၂)လုံး၊ သွပ်မိုး၊ ပျဉ်ကာ၊ မြေစိုက် နေအိမ်(၁)လုံး၊ သွပ်မိုး၊ ပျဉ်ကာ၊ ကွန် ကရစ်ခင်း နေအိမ်(၁)လုံး ထိခိုက်ပျက်စီးသွားခဲ့ကြောင်း ဟိုင်းကြီးကျွန်းမြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရှိရသည်။

“ဒီနေ့မနက်မြေပြိုတယ်လို့ ကြားပါတယ်။ လူတွေတော့ ထိခိုက်မှုမရှိဘူးလို့ သိရပါတယ်။ သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့တွေကိုတော့ နီးစပ်ရာနေရာတွေမှာ နေရာချပေးထားဖို့ ပြောထားပါတယ်။ မိုးရွာတာများပြီး မြေကြီးတွေနူးပြီး အက်ကွဲလာတာဖြစ်နိုင်ပါတယ် နောက်ထပ်ပြိုကျတာတွေရှိ မရှိတော့မသိရသေးပါဘူး။ အခုအဲ့နေရာကို သွားနေပါတယ်” ဟု ညောင်ဝိုင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကြည်ဝင်းကပြောသည်။

နေအိမ်ထိခိုက်ပျက်စီးသွားခဲ့သည့် အိမ်ထောင်စု (၄)ခုနှင့် စုစုပေါင်းလူဦးရေ(၁၇)ဦးမှ ထိခိုက် ဒဏ်ရာရှိမှုမရှိကြောင်းနှင့် သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲက နီးစပ်ရာ၎င်းတို့၏ဆွေမျိုးများ၏ နေအိမ်များ၌ ခေတ္တပြောင်းရွှေ့နေရာ ချပေးထားကြောင်း သိရှိရသည်။

ကျော်သူဟိန်း(ဟိုင်းကြီးကျွန်း)

 

mdn