မိုးညှင်း   ၁၄   ဩဂုတ် 

 

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် မော်ဟန်ကျေးရွာအုပ်စု လေးတန်ချောင်းတွင် မိုးသည်းထန်စွာရွာသွန်းခဲ့သဖြင့် ကျောက်စီမြေထိန်းနံရံ အရှည်ပေ (၁၀၀၀)ခန့် ပျက်စီးသွားသောကြောင့် ယနေ့ နံနက် ၉ နာရီက စတင်၍ စက်ယန္တရားများဖြင့် ပြန်လည်တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်ကြသည်။

 

“ဩဂုတ် ၈ ရက် နံနက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းခဲ့လို့ မော်ဟန်ရွာ လေတန်ချောင်းရေကြီးရေလျှံမှု ဖြစ်ခဲ့တာကြောင့် ကျောက်စီမြေထိန်းနံရံ စုစု‌ပေါင်းအရှည်ပေ(၁၀၀၀)ခန့် ပျက်စီးခဲ့တယ်။ နမ္မချီမှော်ကျောက်မျက်တူးဖော်ရေး လုပ်ငန်းရှင်တွေရဲ့ ဘက်ဟိုးယာဉ်(၆)စီးနဲ့ ပြုပြင်နေပါတယ်” ဟု မော်ပင့်ကျေးရွာ တာဝန်ခံ ဦးရန်မျိုးနိုင်က ပြောသည်။

 

အဆိုပါရေတိုက်စားမှုကြောင့် ‌မော်ဟန်ရွာနှင့် မော်ပင့်ကျေးရွာချင်းဆက် ချောင်းကမ်းဘေး မြေထိန်းနံရံ တာရိုး အရှည်ပေ (၆၀၀၀)ကျော်ခန့်တွင် အရှည်ပေ(၃၀၀)ခန့် (၁)နေရာ အရှည်ပေ(၂၀၀)ကျော်ခန့် (၃)နေရာ စုစုပေါင်းအရှည် ပေ(၁၀၀၀)ခန့်ရှိသော ကျောက်စီမြေထိန်းနံရံမှာ ကျိုးကျပျက်စီးခဲ့သဖြင့် မိုးဆက်လက်ရွာသွန်းပါက မော်ပင့်ကျေးရွာထိပ်မှ မော်ဟန်ကျေးရွာအတွင်းသို့ ချောင်းရေများ ဝင်ရောက်နိုင်ပြီး ချောင်းကမ်းဘေးအနီးရှိ လူနေအိမ်(၂၀၀)ခန့် ပျက်စီးဆုံးရှုံးနိုင်ကြောင်း ၎င်းကဆက်ပြောသည်။

 

အဆိုပါ မြေထိန်းနံရံပြုပြင်ခြင်းလုပ်ငန်းဆောင်ရွက်ရာသို့ မော်ဟန်ရွာ နမ္မချီမှော် ကျောက်မျက်ဒေသ လုပ်ငန်းရှင်များ အဖွဲ့မှ စက်ယန္တရား(၆)စီးဖြင့် ငုတ်တိုင်များစိုက်ထူကာ ယာယီမြေထိမ်းနံရံ ဆယ်ယူပြုပြင်ခြင်း၊ ချောင်းဖြောင့်ခြင်း လုပ်ငန်းများကို စုစု‌ပေါင်းအချိန်(၇)ရက်ခန့် ဆောင်ရွက်မည်ဖြစ်ပြီး  မော်ပင့်ကျေးရွာ တာဝန်ခံ ဦးရန်မျိုးနိုင်၊ ရာအိမ်မှူးများ၊ ဒေသခံ ရပ်မိ ရပ်မိရပ်ဖများ၊ နယ်မြေခံတပ်ရင်းမှ တပ်ဖွဲ့ဝင်များ၊ မော်ဟန်ရွာ အရန်မီးသတ်တပ်ခွဲမှူး ဦးခင်မောင်ကျော်နှင့် အဖွဲ့တို့က အချိန်မီပြီးစီးနိုင်ရေးအတွက် လိုအပ်သည်များကို ဝိုင်းဝန်ကူညီဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

 

နီတိုး