ညောင်ဦး ၂၉ စက်တင်ဘာ
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့၊ အမှတ်(၅)ရပ်ကွက်ရှိ ရွှေစည်းခုံစွယ်တော်မြတ် စေတီတော်ကြီး၏ တောင်ဘက်မုခ်ဦး ခြင်္သေ့နှစ်ကောင်ကြားရှိ မေတ္တာစောင်းတန်း အမြင့် ၁၀ ပေ၊ အလျားပေ ၂၀၊ ထု ၂၀ လက်မရှိ စောင်းတန်းထုတ်တန်းမှာ မိုးရွာသွန်းမှုကြောင့် မိုးရေယိုစိမ့်မှုဖြစ်ကာ ယနေ့ နံနက် ၆ နာရီခွဲက ရုတ်တရက်ပြိုကျမှု ဖြစ်ပွားခဲ့ကြောင်း ညောင်ဦးမြို့နယ်မီးသတ်ဦးစီးဌာနရုံးမှ သိရသည်။
ဖြစ်စဉ်မှာ စက်တင်ဘာ ၂၈ ရက် ညပိုင်းက ညောင်ဦးမြို့၌ မိုးများသည်းထန်စွာ ရွာသွန်းခဲ့ပြီး အဆိုပါ မိုးရွာသွန်းမှုကြောင့် ညောင်ဦးမြို့၊ ရွှေစည်းခုံစွယ်တော်မြတ် စေတီတော်ကြီး၏ တောင်ဘက်မုခ်ဦး မေတ္တာစောင်းတန်း ခြင်္သေ့နှစ်ကောင်အကြားရှိ အမြင့် ၁၀ ပေ၊ အလျားပေ ၂၀၊ ထု ၂၀ လက်မ စောင်းတန်းထုတ်တန်းမှာ မိုးယိုစိမ့်မှုဖြစ်ကာ ရုတ်တရက် ပြိုကျပျက်စီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ စောင်းတန်းထုတ်တန်း ပြိုကျပျက်စီးမှုအား ညောင်ဦးခရိုင်နှင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ သန္ဓေ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ညောင်ဦးမြို့နယ် အမှတ်(၄၁၅)တပ်ရင်းမှ အရာရှိနှင့် တပ်ဖွဲ့ဝင်များ စုပေါင်း၍ ရှင်းလင်းရေးလုပ်ငန်းများ ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးခဲ့ပြီး ပြိုကျမှုကြောင့် လူနှင့် တိရစ္ဆာန် ထိခိုက်မှု မရှိကြောင်းနှင့် ပျက်စီးသွားသော စောင်းတန်းနေရာအား မြို့နယ်ရှေးဟောင်းသုတေသနနှင့် အမျိုးပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ)မှ အချိန်နှင့်တစ်ပြေးညီ ပြန်လည်ပြုပြင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ညောင်ဦးမြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူထံက သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)