မကွေး ၁၈ သြဂုတ်

 

ကွက်ကျားမိုးရွာသွန်းခဲ့ခြင်းကြောင့် မကွေးတိုင်းအတွင်းရှိ မိုးနှမ်းစိုက်ဧက(၁၀)သိန်းကျော်ထဲမှ မိုးလိုမိုးခေါင် ဒဏ်သင့်၍ နှမ်းစိုက်ဧက တစ်သိန်းသုံးသောင်းကျော် ပျက်ဆီးခဲ့သော်လည်း မိုးရေလုံလောက်စွာရခဲ့သည့် မကွေးမြို့နယ်ထဲမှ ကျေးရွာအချို့တွင် ပုံမှန်အထွက်နှုန်းများ ရရှိခဲ့ကြောင်း ဒေသခံတောင်သူများထံ က သိရသည်။

 

“ ကျွန်တော်တို့ရွာက စမုံနက်နှမ်းခင်းတွေကတော့ အထွက်နှုန်း ပုံမှန်ပဲဗျ။ တစ်ဧက(၁၀)တင်းလောက် ထွက်တယ်။ နှမ်းအဖြူ စိုက်တဲ့သူတွေဆိုရင် (၁၅)တင်းလောက်ထွက်ကြတယ်။ ကွက်ကြားမိုးရွာတယ် ပြောကြပေမယ့် ကံမတယ်လို့ပဲ ပြောရမလား။ နှမ်းတွေရေလိုနေတဲ့အချိန် မိုးရွာခဲ့တယ်”ဟု မကွေးမြို့နယ်၊ စည်ပင်သာကျေးရွာ တောင်သူဦးမြင့်စိုး က ပြောသည်။

 

မကွေး ၁

 

ဈေးကွက်အရ နှမ်းနက်တစ်တင်းကို ကျပ် ၇၀၀၀၀၊ နှမ်းဖြူတစ်တင်းကို ကျပ် ၄၈၀၀၀ ခန့် ပေါက်ဈေးရှိပြီး ဈေးကောင်း ရသည်ဟု မဆိုနိုင်သော်လည်း သင့်တင့်သော ဈေးရရှိကြောင်း တောင်သူ ဦးသောင်း က ပြောသည်။

 

နှမ်းခင်းများတွင် နှမ်းနုတ်ခြင်း၊ စုပုံခြင်း၊ နှမ်းထောင်ခြင်း၊ နှမ်းခါခြင်းလုပ်ငန်းများ လုပ်ဆောင်နေချိန်တွင် မိုး မြေပဲစိုက်ကွက်များ၌ အစမ်းဖော်ကြည့်ရာ အုနှုန်း ကောင်းမွန်သည်ကိုတွေ့ရကြောင်း ဖုတ်ကုန်းကျေးရွာတောင်သူ ဦးကိုကို ထံ က သိရသည်။

 

ဇေယျတု(မကွေး)