မြို့သစ်  ၇   နိုဝင်ဘာ

စစ်ကိုင်းတိုင်းဒေသကြီး၊  တမူးခရိုင်၊ မြို့သစ်မြို့နှင့် ကျေးရွာအချို့တွင် လယ်ယာလုပ်ငန်းလုပ်ကိုင်သူ တောင်သူများအနေဖြင့် မိုးစပါးရိတ်သိမ်းရာတွင် ကုန်ကျစရိတ်သက်သာသည့် ရိတ်သိမ်းခြွေလှေ့စက် ငှားရမ်းမှု ပိုမိုများလာကြောင်း သိရသည်။

 

ရိတ်သိမ်းခြွေလှေ့စက် ငှားရမ်းမှုနှင့်ပတ်သက်၍ ယခင်က လူငှားပြီး စပါးရိတ်သိမ်းခဲ့ရာမှ ယခုအခါ ခြွေလှေ့စက်ဖြင့် ရိတ်သိမ်းသည့်အတွက် အချိန်ကုန်သက်သာကြောင်း၊၊ လူနဲ့ငွေကြေးကုန်ကျ စရိတ်မှာလည်း သက်သာတဲ့အတွက် ခြွေလှေ့စက်ကို ငှားရမ်းအသုံးပြုတာ ပိုများလာတာပါဟု သနန်ကျေးရွာဒေသခံ ကိုအေးဖေက ပြောသည်။

 

ရိတ်ခြွေလှေ့စက်ဖြင့် စပါးရိတ်သိမ်းရာတွင် တစ်ဧက ငါးသောင်းပေးရပြီး လူအားနဲ့ရိတ်သိမ်းသည့်အခါ  ကုန်ကျငွေအနေဖြင့် ခြောက်သောင်းကျော်၊ ခုနှစ်သောင်းနီးပါး ကုန်ကျသဖြင့် ရိတ်သိမ်းခြွေလှေ့စက်ကို ပိုမို ငှားရမ်းလာကြခြင်းဖြစ်ကြောင်းလည်း သိရသည်။

 

မြို့သစ်မြို့တွင် ယခုနှစ် မိုးစပါးစိုက်ဧကအနေနဲ့  တစ်သောင်းနှစ်ထောင်လေးရာရှစ်ဆယ် ဧက  စိုက်ပျိုးထားရှိပြီး ဆင်းဧကရီ-၃ နဲ့ မှော်ဘီမျိုးစပါးကို အများဆုံးစိုက်ပျိုးကြကြောင်းလည်း မြို့သစ်မြို့၊ စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိသည်။

ထွန်းမင်းအောင်(ကဘော်မြေ)