မြို့သစ် စက်တင်ဘာ ၂၃
မကွေးတိုင်းဒေသကြီး ၊ မြို့သစ်မြို့နယ်ရှိ ဆဒ္ဒန်ဆည်ရေလှောင်တမံနှင့် စွန်ဆည်ရေလှောင်တမံသည် ယနေ့နံနက်ပိုင်းတွင် ရေပြည့်အမှတ်ထက်ကျော်လွန်၍ ရေပိုလွှဲမှ ဆက်လက်ရေကျော်ကျ လျက်ရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနက သိရသည်။
စွန်ဆည်ရေလှောင်တမံ၏ ရေပြည့်အမှတ်သည် ( ၆၂၅)ပေဖြစ်ပြီး လက်ရှိရေမှတ်မှာ ( ၆၂၆ ဒသမ ၂၀ )ပေဖြစ်၍ ရေပြည့်အမှတ်ထက် ( တစ်ဒသမ နှစ်ပေခန့် )ရေကျော်ကျလျက်ရှိကာ ဆဒ္ဒန် ဆည်ရေလှောင်တမံ၏ ရေပြည့်အမှတ်သည် ပေ ( ၅၆၀ ဒသမ ၅၀ ) ဖြစ်ပြီး လက်ရှိရေမှတ်မှာ (၅၆၂ ဒသမ ၆၀ )ပေရှိသဖြင့် ရေပြည့်အမှတ်ထက် ( နှစ် ဒသမ တစ်ပေခန့်) ဆက်လက်ရေကျော်ကျလျက်ရှိသည်။
ထို့ကြောင့် ဆည်အောက်ပိုင်းရှိ ကျေးရွာနေပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ဆည်အနီးအနားနှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးများတွင် အရေးပေါ်အခြေအနေအဆင့်( ၁ )အဖြစ် အစိမ်း ရောင်အလံစိုက်ထူ၍ ဆက်လက်အသိပေး နှိုးဆော်ထားကြောင်း မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်ဇော်ထက်ထံက သိရသည်။
ဝင်းအိဇွန် (ပြန်/ဆက်)