မြို့သစ်   စက်တင်ဘာ ၂၃

 

မကွေးတိုင်းဒေသကြီး ၊ မြို့သစ်မြို့နယ်ရှိ ဆဒ္ဒန်ဆည်ရေလှောင်တမံနှင့် စွန်ဆည်ရေလှောင်တမံသည်  ယနေ့နံနက်ပိုင်းတွင် ရေပြည့်အမှတ်ထက်ကျော်လွန်၍ ရေပိုလွှဲမှ ဆက်လက်ရေကျော်ကျ လျက်ရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနက သိရသည်။

 

စွန်ဆည်ရေလှောင်တမံ၏ ရေပြည့်အမှတ်သည် ( ၆၂၅)ပေဖြစ်ပြီး လက်ရှိရေမှတ်မှာ ( ၆၂၆ ဒသမ ၂၀ )ပေဖြစ်၍ ရေပြည့်အမှတ်ထက် ( တစ်ဒသမ နှစ်ပေခန့် )ရေကျော်ကျလျက်ရှိကာ ဆဒ္ဒန် ဆည်ရေလှောင်တမံ၏ ရေပြည့်အမှတ်သည် ပေ (  ၅၆၀ ဒသမ  ၅၀ ) ဖြစ်ပြီး လက်ရှိရေမှတ်မှာ (၅၆၂ ဒသမ ၆၀ )ပေရှိသဖြင့် ရေပြည့်အမှတ်ထက် ( နှစ် ဒသမ တစ်ပေခန့်) ဆက်လက်ရေကျော်ကျလျက်ရှိသည်။

 

ထို့ကြောင့် ဆည်အောက်ပိုင်းရှိ ကျေးရွာနေပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ဆည်အနီးအနားနှင့် ကျေးရွာအုပ်စု  အုပ်ချုပ်ရေးမှူးရုံးများတွင် အရေးပေါ်အခြေအနေအဆင့်( ၁ )အဖြစ်  အစိမ်း ရောင်အလံစိုက်ထူ၍ ဆက်လက်အသိပေး နှိုးဆော်ထားကြောင်း မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်ဇော်ထက်ထံက သိရသည်။

                                                                              

 

ဝင်းအိဇွန် (ပြန်/ဆက်)