မြို့သစ် စက်တင်ဘာ ၁၇
မကွေးတိုင်းဒေသကြီး ၊ မြို့သစ်မြို့နယ်ရှိ ဆဒ္ဒန်ရေလှောင်တမံသည် ယနေ့နံနက်ပိုင်းတွင် ရေပြည့် အမှတ်ထက် ( သုညဒသမရှစ်ပေခန့် ) ဆက်လက် ရေကျော်ကျလျက်ရှိကြောင်း မြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနက သိရသည်။
အဆိုပါ ဆဒ္ဒန်ရေလှောင်တမံ၏ ရေပြည့်အမှတ်သည် ပေ (၅၆၀ ဒသမ ၅၀) ဖြစ်ပြီး ဆည်၏ အထက်ပိုင်း၌ မိုးများအဆက်မပြတ်ရွာသွန်းမှုကြောင့် ယနေ့နံနက်ပိုင်းတွင် (၅၆၁ ဒသမ ၃၀) ပေ ဖြစ်ကာ ရေပြည့်အမှတ်ထက် ( သုညဒသမရှစ်ပေခန့်) ဆက်လက်ရေကျော်ကျလျက်ရှိသည်။
ဆည်အောက်ပိုင်းရှိ ကျေးရွာနေပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ဆည်အနီးအနားနှင့် ကျေးရွာအုပ်စုအုပ် ချုပ်ရေးမှူးရုံးများတွင် အရေးပေါ်အခြေအနေအဆင့်(၁)အဖြစ် ဆက်လက်၍ အစိမ်းရောင်အလံ စိုက်ထူအသိပေးနှိုးဆော်ထားကြောင်း မြို့နယ်ဆည်မြောင်းနှင့်ရေ အသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်ဇော်ထက်ထံက သိရသည်။
ဝင်းအိဇွန် (ပြန်/ဆက်)


