မြို့သစ်  စက်တင်ဘာ ၁၇

           

မကွေးတိုင်းဒေသကြီး ၊ မြို့သစ်မြို့နယ်ရှိ ဆဒ္ဒန်ရေလှောင်တမံသည် ယနေ့နံနက်ပိုင်းတွင် ရေပြည့် အမှတ်ထက် ( သုညဒသမရှစ်ပေခန့် ) ဆက်လက် ရေကျော်ကျလျက်ရှိကြောင်း မြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနက သိရသည်။

 

အဆိုပါ ဆဒ္ဒန်ရေလှောင်တမံ၏ ရေပြည့်အမှတ်သည်  ပေ  (၅၆၀ ဒသမ ၅၀) ဖြစ်ပြီး ဆည်၏ အထက်ပိုင်း၌ မိုးများအဆက်မပြတ်ရွာသွန်းမှုကြောင့် ယနေ့နံနက်ပိုင်းတွင် (၅၆၁ ဒသမ ၃၀) ပေ ဖြစ်ကာ ရေပြည့်အမှတ်ထက် ( သုညဒသမရှစ်ပေခန့်) ဆက်လက်ရေကျော်ကျလျက်ရှိသည်။

 

ဆည်အောက်ပိုင်းရှိ  ကျေးရွာနေပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ဆည်အနီးအနားနှင့် ကျေးရွာအုပ်စုအုပ် ချုပ်ရေးမှူးရုံးများတွင် အရေးပေါ်အခြေအနေအဆင့်(၁)အဖြစ် ဆက်လက်၍ အစိမ်းရောင်အလံ စိုက်ထူအသိပေးနှိုးဆော်ထားကြောင်း မြို့နယ်ဆည်မြောင်းနှင့်ရေ အသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးအရာရှိ  ဦးအောင်ဇော်ထက်ထံက သိရသည်။

 

                                                                                                   

ဝင်းအိဇွန် (ပြန်/ဆက်)