မြို့သစ် ၂၆ မေ
မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနသည် တိုင်းဒေသကြီး မျိုးစေ့ပံ့ပိုးခြင်းအစီအစဉ်ဖြင့် မျိုးစေ့ပံ့ပိုးခြင်းကို မြို့သစ်မြို့နယ်ရုံးတွင် ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသာအောင်နှင့် တိုင်းဒေသကြီး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်းတို့က တောင်သူများအနေဖြင့် ဈေးကွက်သတင်းအချက်အလက် နည်းပညာများကို အထူးသတိပြုလေ့လာကြရန်၊ ရေမြေသဘာဝ၊ ရာသီဥတု အခြေအနေပေါ်မူတည်ပြီး ဒေသနှင့် သင့်လျော်သော မျိုးသန့်များ ပြောင်းလဲစိုက်ပျိုး၍ ဈေးကွက်ထွက်ကုန် အရည်အသွေးပြည့်မီစေရန် နည်းပညာများ ပေါင်းစပ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။
“ယခင်နှစ်များကလည်း မိမိတို့ကျေးရွာအုပ်စုအတွင်း ဒေသနှင့် သင့်လျော်သော သီးနှံစမ်းသပ်ကွက် လုပ်ငန်းများကို စိုက်ပျိုးရေးဦးစီးဌာန၏ လုပ်အားနှင့် သွင်းအားစု အကူအညီများနှင့် ဆောင်ရွက်ခဲ့ပြီး ယခုကဲ့သို့ ကျေးရွာ(၂၇)ရွာမှ တောင်သူများကို မျိုးသန့်မျိုးစေ့ထုတ်ပေးနိုင်ရေးအတွက် လုပ်ငန်းအဓိက မျိုးစေ့အကူအညီများ ပံ့ပိုးပေးသည့်အတွက် အထူးပင်ကျေးဇူးတင်ပါကြောင်းနှင့် စိုက်ပျိုးရေး အခြေခံကောင်းများအတွက် ပိုမိုအလေးထား ဆောင်ရွက်စေလိုပါကြောင်း” ဂွေးကုန်းကျေးရွာအုပ်စု လယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းထွန်းမှ ပြောသည်။
စိုက်ပျိုးရေးဦးစီးဌာနမှ တိုင်းဒေသကြီး မျိုးစေ့ပံ့ပိုးခြင်းအစီအစဉ်ဖြင့် (၂၀၁၈-၂၀၁၉)တွင် မိုးပဲတီစိမ်း၊ ရွှေဆင်း(၁၁)၊ ရေဆင်း(၁၄)၊ မျိုးသန့်မျိုးစေ့ ပြည် (၁၀ဝ)နှင့် မိုးစပါးမျိုးကွဲ(ဧရာမင်း)၊ မနောသုခ၊ ရွှေပြည်အေး၊ ပြည်တော်ရင်၊ ပေါ်ဆန်းမွှေး စသည့် အရည်အသွေးကောင်း စပါးမျိုး စုစုပေါင်း(၂၁၄ ဒသမ ၅)တင်း ပံ့ပိုးဖြည့်ဆည်းခဲ့ပြီး မိုးနှောင်းသီးနှံအတွက် ပဲလွန်းဖြူ၊ ပန်းနှမ်း၊ ပဲပုတ်၊ ပဲစဉ်းငုံမျိုးသန့်များ ဆက်လက်ဖြန့်ဖြူးသွားမည်ဖြစ်ကြောင်း သိရသည်။
သန်းဝင်းထွန်း ( မြို့သစ် )