ဟားခါး ၂၃ စက်တင်ဘာ

ဟားခါးမြို့နယ် မာလ်ဆောမ်ကျေးရွာတွင် ကိုယ်ထူကိုယ်ထဖြင့် တူးဖော်တည်ဆောက်ခဲ့သည့် အလျား ပေ ၃၀၀၊ အနံ ပေ ၂၀၀ ရှိ မာလ်ဆောမ်ကျေးရွာ ဘောလုံးကွင်းသည် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကွင်းတစ်ခုလုံး မြေသားကျွံကျပျက်စီးခဲ့သဖြင့် ချင်းပြည်နယ် အားကစားနှင့် ကာယပညာ ဦးစီးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပြည်နယ်ဘတ်ဂျက် သာမန်အသုံးစရိတ် ငွေကျပ်သိန်း(၅၀)ဖြင့် စက်တင်ဘာ ၁၀ ရက်မှ စတင်ပြုပြင်ခဲ့ရာ ယခုတွင် ၈၀ ရာခိုင်နှုန်း ပြီးစီးခဲ့ကြောင်း ဟားခါးမြို့နယ် အားကစားနှင့် ကာယပညာ ဦးစီးဌာနထံမှ သိရှိရသည်။

အဆိုပါ ကျေးရွာဘောလုံးကွင်း ပြုပြင်ရာတွင် ကျွံကျသောမြေနေရာ မြေဖို့ခြင်း၊ မိုးရေတိုက်စားသော မြေနေရာပြုပြင်ခြင်း အပါအဝင် မြေကာနံရံတည်ဆောက်ခြင်းနှင့် ရေလွှဲမြောင်း တည်ဆောက်ခြင်းများကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပြည်နယ်ဘတ်ဂျက် သာမန်အသုံးစရိတ် ငွေကျပ်သိန်း(၅၀)ဖြင့် ဟားခါးမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကြီးကြပ်၍ ကျေးရွာဘောလုံးကွင်း ပြုပြင်ရေးကော်မတီမှ ပြုပြင်ဆောင်ရွက်လျက်ရှိပြီး ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၃၀ ရက်တွင် အပြီးပြုပြင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ဟားခါးမြို့နယ် မာလ်ဆောမ်ကျေးရွာတွင် ကျေးရွာဘောလုံးကွင်း ပြုပြင်ဆောင်ရွက်ပြီးပါက ကျေးရွာနေပြည်သူများအတွက် ကိုယ်ကာယလေ့ကျင့်ခန်းများနှင့် အားကစားပေါင်းစုံ ပြန်လည်ကျင်းပနိုင်မည်ဖြစ်၍ ကျေးရွာနေပြည်သူများ အထူးဝမ်းမြောက်လျက်ရှိကြောင်း သိရှိရသည်။

ခရိုင်(ပြန်/ဆက်)