မိုးညှင်း ဩဂုတ်    ၃

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသတွင် ယနေ့နံနက် ၆ နာရီခန့်က အထက်ဘက်မှ မိုးများသည်းထန်စွာရွာသွန်းမှုကြောင့် နန့်မွန်းချောင်းနှင့် နန့်သာအင်းချောင်းများမှ ရေများလျှံတက်လာပြီး နန့်မွန်းမြို့ပေါ်ရပ်ကွက်များရှိ အနိမ့်ပိုင်းလူနေအိမ်များအတွင်း ရေများဝင်ရောက်၍ ကားလမ်းအချို့နေရာများတွင် ရေကျော်ဖုံးလွှမ်းလျက်ရှိကြောင်း သိရသည်။

အဆိုပါ ရေဝင်ရောက်ခဲ့ရာတွင် နန့်မွန်းမြို့ပေါ် ရပ်ကွက်(၁)၊ ရပ်ကွက်(၂)နှင့် ရပ်ကွက်(၃)ရှိ အနိမ့်ပိုင်းအတွင်း လူနေအိမ်များထဲသို့ ရေအနက်(၂)ပေကျော် (၃)ပေခန့် ရေများဝင်ရောက်ပြီး ဟိုပင်-နန့်မွန်း-ညောင်ပင်သွား ကားလမ်းအချို့နေရာတွင် ရေအနက်(၁)ပေကျော် (၂)ပေခန့်နှင့် နန့်မွန်း-အုန်းစံဆိုင်-ဘီလူးသွား ကားလမ်းအချို့နေရာတွင် ရေအနက်(၈)လက်မခန့် ရေများဖုံးလွှမ်းလျက်ရှိရာ နံနက် ၁၁ နာရီခန့်တွင် အဆိုပါရေများ တဖြည်းဖြည်းကျဆင်းလျက်ရှိကြောင်း နန့်မွန်းမြို့ အုပ်ချုပ်ရေးမှူးထံမှ သိရသည်။

ထို့အတူ နန့်မွန်းကျေးရွာအုပ်စုနှင့် ဟဲပုကျေးရွာအုပ်စုအတွင်းရှိ ချောင်းရေများ လျှံတက်လာမှုကြောင့် မိုးစပါးစိုက်ဧရိယာများအတွင်း ရေများဝင်ရောက်ဖုံးလွှမ်းမှုကို သက်ဆိုင်ရာ ကျေးရွာအုပ်စုများမှ လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့များက ထိခိုက်ပျက်စီးမှုများရှိ/မရှိ ကွင်းဆင်းစစ်ဆေး၍ စာရင်းများပြုစု ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇွဲသူရအောင်(ပြန်/ဆက်)