တာချီလိတ်  ၁၃   ဩဂုတ်

ရှမ်းပြည်နယ်(အရှေ့ပိုင်းတာချီလိတ်မြို့တွင် ယမန်နေ့ညက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေနုတ် မြောင်းများတွင် အမှိုက်များပိတ်ဆို့တင်ကျန်ခြင်း မရှိစေရန် စည်ပင်သာယာရေးဌာနမှ ဝန်ထမ်းများက ယမန်နေ့နှင့် ယနေ့ နံနက်အစောပိုင်းက  အမှိုက်များ ရှင်းလင်းလျက်ရှိကြောင်း သိရသည်။

 

တာချီလိတ်မြို့ကို အမှိုက်ကင်းစင်နယ်မြေအဖြစ် သတ်မှတ်ကာ အစဉ်တစိုက် လုပ်ဆောင်လာခဲ့ကြရာတွင် မဆင်မခြင် အမှိုက်ပစ်သူများကြောင့် ယခုကဲ့သို့ မိုးသည်းထန်စွာရွာသွန်းပါက အမှိုက်များပိတ်ဆို့တတ်ပြီး လမ်းမများပေါ်နှင့် ရပ်ကွက်များတွင် ရေကြီးရေလျှံဖြစ်ပေါ်လေ့ရှိသဖြင့် စည်ပင်သာယာရေးဌာနမှ အချိန်မီ လျင်မြန်စွာဖယ်ရှား ရှင်းလင်းရခြင်းဖြစ်ကြောင်း သိရသည်။

 

ဆက်လက်၍ တာချီလိတ်မြို့ ဝမ်ကောင်းမြို့မဈေးအဝင်  မဟာမြတ်မုနိဘုရားကြီးကျောင်းရှေ့ လမ်းမတစ်လျှောက် ဈေးသည်များမှ စနစ်တစ်ကျ ဈေးရောင်းချနိုင်ရေး စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိနှင့် ဝန်ထမ်းများက လိုက်လံကြည့်ရှုကာ လိုအပ်သည်များကို ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။ 

 

မြို့မဈေးအဝင် မဟာမြတ်မုနိဘုရားကြီးကျောင်းရှေ့တွင် တချို့သော ဈေးသည်များ သတ်မှတ်နေရာမှ လမ်းပေါ်သို့ရောင်းချမှုများရှိရာ ဈေးဝယ်လာသော ပြည်သူများ  စိတ်အနှောက်အယှက်ဖြစ်ရသည်ကို တွေ့ရှိရသဖြင့် ဈေးသည်များက သတ်မှတ်နေရာမှ ကျူးကျော်ရောင်းချမှုမရှိစေရေး သတ်မှတ်နေရာတွင် စနစ်တကျ ရောင်းချနိုင်စေရေး နေရာသတ်မှတ်ပေးခြင်းနှင့် အသိပေးရှင်းလင်းခြင်း၊ စည်းကမ်းထိန်းသိမ်း ရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ယာဆေး(ပြန်/ဆက်)