ဝိုင်းမော် ၂၉ ဇွန်
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်အတွင်း ဝိုင်းမော်-ဆဒုံး-ကန်ပိုက်တည် လမ်းပိုင်းရှိ ကြိုးတံတားတစ်စင်း ချောင်းရေတိုက်စားမျောပါပြီး ဘေလီတံတားတစ်စင်း ကမ်းကပ်ခုံနိမ့်ကျမှုဖြစ်ခဲ့ကြောင်း ထိန်ချုံး- မြစ်ကြီးနား လမ်းဖောက်လုပ်ရေးကုမ္ပဏီမှ သိရသည်။
ဖြစ်စဉ်မှာ ဇွန် ၂၇ ရက် နံနက် ၁၁ နာရီက ဝိုင်းမော်မြို့နယ်၊ ကန်ပိုက်တည်မြို့၊ ဆိုင်လော်ကျေးရွာအနီးတဝိုက်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်ကျချောင်းရေများ စီးဆင်းခဲ့၍ နမ့်မလိချောင်းရေ မြင့်တက်ခဲ့ပြီး ဆိုင်လော်ကျေးရွာနှင့် ဂျန်မိုင်ကျေးရွာသို့ ဆက်သွယ်ထားသည့် အလျား(၃၀၆)ပေ၊ အကျယ်(၆)ပေရှိ ကိုယ်ထူကိုယ်ထ ကြိုးတံတားမှာ ရေစီးနှင့်အတူမျောပါသွားခဲ့ကာ ဝိုင်းမော်-ဆဒုံး-ကန်ပိုက်တည် လမ်းပိုင်းရှိ အရှည်(၅၀)ပေ၊ အကျယ်(၁၅)ပေခန့်ရှိ ရွှန်းဝေတံတား(ယာယီဘေလီ)မှာ ချဉ်းကပ်လမ်းအပိုင်း(၃)ပေခန့် နိမ့်ကျသွားခဲ့သည်။
အဆိုပါ ဖြစ်စဉ်ကြောင့် ဝိုင်းမော်-ဆဒုံး-ကန်ပိုက်တည်လမ်းအပိုင်းအား ခေတ္တပိတ်ထားရပြီး ယာဉ်ကြီးနှင့် ယာဉ်များသွားလာမှု ပြတ်တောက်သွားခဲ့ကာ လမ်းပန်းဆက်သွယ်မှု အချိန်မီပြန်လည်ကောင်းမွန်စေရေး လမ်းဦးစီးဌာနနှင့် ထိန်ချုံး-မြစ်ကြီးနား လမ်းဖောက်လုပ်ရေး ကုမ္ပဏီတို့ပူးပေါင်းကာ ပြန်လည်ပြင်ဆင်မှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဝင်းနိုင်(ကချင်မြေ)


