ဂန့်ဂေါ ၄ နိုဝင်ဘာ
ဂန့်ဂေါမြို့နယ်တွင် မိုးအဆက်မပြတ်သည်းထန်စွာ ရွာသွန်းသည့်အတွက် နိုဝင်ဘာ ၃ ရက် ည ၈ နာရီခန့်က လောင်ထောင်ချောင်းရေ မြင့်တက်ရေလျှံမှုဖြစ်သွားရာ လယ်မရွာတွင် လူနေအိမ်ခြေ ၃၀ တို့တွင်လည်းကောင်း၊ ဂန့်ဂေါမြို့ မြို့မရပ်ကွက် ဂန့်ဂေါ- ထီးလင်း ကားလမ်း လောင်ထောင်တံတားအနီး အနိမ့်ပိုင်းရှိ လူနေအိမ်ခြေ ၅ လုံးတို့တွင်လည်းကောင်း ရေ ၅ ပေခန့် ဝင်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ရေလျှံမှုဖြစ်ရာသို့ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ခရိုင်မီးသတ်ဦးစီးဌာနမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ် မီးသတ်ဦးစီးဌာနမှူးတို့နှင့် တပ်ဖွဲ့ဝင်များ၊ ပရဟိတအသင်းအဖွဲ့ဝင်များ ရောက်ရှိကြကာ ရေဝင်ရောက်သည့် နေအိမ်များမှ ပစ္စည်းများ ရေဘေးကင်းဝေးစေရေး ကူညီဆောင်ရွက်ပေးကြသည်။
မြင့်တက်နေသည့်ရေမှာ နိုဝင်ဘာ ၄ ရက် နံနက် ၂ နာရီခွဲခန့်တွင် ၄ ပေခန့် ကျဆင်းသွားကြောင်းနှင့် သက်ဆိုင်ရာတို့က ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
တောင်သားမောင်သန်း


