မင်္ဂလာပါ ကလေးလေးတို့ရေ။ မိုးရာသီမှာ လိုက်နာရမယ့် ကျင့်ဝတ်ကလေးတွေကို The Daily Californian ဆိုတဲ့သတင်းစာကနေ ကလေးတို့အတွက် ရေးသားထားတာလေးကို မမက ဒီတစ်ပတ်မှာ မျှဝေပေးလိုပါတယ်။ မိုးရွာတာကို ကြိုက်ကြတဲ့ ကလေးလေးတွေရှိသလို မိုးရွာတာကို စိုစိုစွတ်စွတ်မို့ လုံးဝမကြိုက်တဲ့ ကလေးတွေလည်း ရှိတယ်။ ကလေးတို့ကရော ဘယ်လိုရာသီဥတုမျိုးကို ကြိုက်သလဲမသိဘူးနော်။

 

လမ်းကျဉ်းကျဉ်းလေးထဲမှာ ကလေးတို့က ထီးကလေးနဲ့ လမ်းလျှောက်လာတယ်ဆိုပါစို့နော်။ မျက်နှာချင်းဆိုင်ကနေ အခြားကလေးတစ်ယောက်ကလည်း ထီးကလေးနဲ့ လမ်းလျှောက်လာပြီး ထိပ်တိုက်တွေ့ကြမယ်ဆိုရင် ကလေးတို့က ဘာလုပ်သင့်သလဲတဲ့။ အကောင်းဆုံးအဖြေကတော့ ကလေးတို့ ထီးကလေးကို နည်းနည်းလေးပိတ်ပြီး သူ့ကိုပဲ လမ်းဖယ်ပေးလိုက်ပါတဲ့။ ဘာဖြစ်လို့လဲဆိုတော့ အခြားသူတစ်ဦးကို သက်သောင့်သက်သာဖြစ်အောင် ကူညီပေးလိုက်ခြင်းက အလွန်ကိုကောင်းမွန်တဲ့ အလုပ်ဖြစ်လို့ပါတဲ့။ အကယ်၍ ကလေးတို့ကလည်း ထီးမပိတ်ပေး၊ တစ်ဖက်ကလည်း ထီးမပိတ်ပေးခဲ့ဘူးဆိုရင် စကားများရန်ဖြစ်ပြီး နှစ်ဦးစလုံး မိုးစိုကုန်မှာပဲဆိုတော့ ကလေးတို့က အလျှော့ပေးလိုက်ပါနော်။ အဲဒီလိုပါပဲ မိုးရွာထဲမှာ ကလေးတို့ထီးဆောင်းသွားတဲ့အခါ သူများကို လမ်းကြုံခေါ်သွားတာမျိုး ကြုံဖူးလား။ ကိုယ်တစ်ယောက်တည်း ထီးဆောင်းမယ့်အစား ထီးမပါတဲ့သူငယ်ချင်းကို ခေါ်သွားပေးတာကလည်း ကောင်းတဲ့ လောကဝတ်တွေပေါ့ကွယ်။

 

အဲဒီလိုပါပဲ ကလေးတို့တွေဟာ ရေအိုင်ငယ်လေးတွေတွေ့ရင် တဝုန်းဝုန်းနဲ့ ခုန်ချင်တာပဲ။ မမတို့ငယ်ငယ်ကလည်း အဲဒီလို ခုန်ပေါက်ဆော့ကစားခဲ့တာပဲ။ ဒါပေမယ့် ရေအိုင်ငယ်လေးတွေကနေ မခုန်ပေါက်ခင်မှာ ဘေးကိုကြည့်သင့်တယ်တဲ့။ ကလေးတို့ခုန်ပေါက် ရေကစားမှုကြောင့် ဘေးလူတွေရဲ့ အဝတ်အစားတွေစိုကုန်တာ၊ အစားအသောက်တွေ ပေကျံကုန်တာဆိုရင် ကလေးတို့မှာ တာဝန်ရှိတာမို့ ဆင်ခြင်သင့်ပါတယ်နော်။ ထီးတွေနဲ့ မိုးကာအင်္ကျီတွေ နံနေပြီလားဆိုတာကို အမြဲသတိထားဖို့ လိုပါတယ်ကလေးတို့ရေ။ မိုးစိုထားတဲ့ မိုးကာတွေနဲ့ ထီးတွေဟာ နေပူလာတဲ့အခါ ထုတ်လှန်းပြီး သေသေချာချာ သိမ်းထားမှသာ နောက်တစ်ခါ မိုးရွာတဲ့အခါ အနံ့ဆိုးတွေမရှိဘဲ မွှေးပျံ့နေမှာမို့ ဂရုစိုက်ပေးပါဦးနော်။

 

မမမေ