ရန်ကုန် ဇွန် ၉
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ (ဒုတိယမြို့တော်ဝန်) ဦးညီညီသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၇ နာရီတွင် သာကေတမြို့နယ် သန်လျင် တံတားချဉ်းကပ်လမ်း အတိုင်း သွားရောက်၍ လမ်းဝဲယာ မြက်ပင်ချုံနွယ်များ ခုတ်ထွင်ရှင်းလင်းနေမှု၊ လမ်းတစ်လျှောက် သန့်ရှင်းရေးဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး သန်လျင်တံတား ချဉ်းကပ်လမ်းနှင့် ရှုခင်းသာ မြို့ပတ်လမ်းဆုံ ရထားလမ်းဘေး မြက်ပင်ချုံနွယ်များ ရှင်းလင်းခြင်း၊ အုပ်မိုးကိုင်းများ ဖြတ်ညှိပုံသွင်း အလင်းဖွင့်ခြင်း၊ လမ်းဆုံပန်းခြံအတွင်း မြက်များဖြတ်ညှိ၍ မြေယာရှုခင်းပြုပြင်ခြင်း၊ စွန့်ပစ်အမှိုက်များ သိမ်းဆည်းခြင်း၊ သန့်ရှင်းရေးပြုလုပ်ခြင်း ဆောင်ရွက် နေမှုတို့ကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားသည်။
ထို့နောက် ဒုတိယမြို့တော်ဝန်နှင့်အဖွဲ့သည် ရှုခင်းသာမြို့ပတ်လမ်းတစ်လျှောက် သန့်ရှင်းသာယာ သပ်ရပ်ရေး ဆောင်ရွက်နေမှု၊ ဗဟန်းမြို့နယ် ကမ္ဘာအေးဘုရားလမ်းနှင့် ရန်ကင်းမြို့နယ် မိုးကောင်း လမ်းတစ်လျှောက် သန့်ရှင်းသာယာသပ်ရပ်ရေး ဆောင်ရွက်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး ရန်ကင်းမြို့နယ် ၁၅ ရပ်ကွက် မိုးကောင်းလမ်းဆုံရှိ ခုနှစ်ပင်လိမ်ချောင်းကူး မိုးကောင်းတံတားသို့ သွားရောက်၍ ချောင်းအတွင်း ရေစီးရေလာကောင်းမွန်စေရေးအတွက် အမှိုက်၊ ဒိုက်၊ ဗေဒါနှင့်နုန်းများ ဆယ်ယူရှင်းလင်းနေမှု၊ ချောင်းဝဲ ယာ မြက်ချုံနှင့်ကိုင်းပင်များ ခုတ်ထွင်ရှင်းလင်းနေမှုတို့ကို ကြည့်ရှု စစ်ဆေးကာ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)