ရန်ကုန် မေ ၁၂

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ဒုတိယမြို့တော်ဝန်၊ အတွင်းရေးမှူး၊ ကော်မတီဝင်များသည် ယနေ့ နံနက် ၇ နာရီတွင် အင်းစိန်မြို့နယ် ပုလဲလမ်းမကြီးဘေး အရှည်ပေ ၈၃၀၀၊ အကျယ် ၁၄ ပေ၊ ထု ၁၇ လက်မ လမ်းသားတိုးချဲ့ ကွန်ကရစ်ခင်းကျင်းနေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေးနှင့် သတ်မှတ်စံချိန်စံညွန်း ကိုက်ညီစေရေးဆောင်ရွက်ရန် မှာကြားသည်။

ထို့နောက် မြို့တော်ဝန်နှင့်အဖွဲ့သည် ရွှေပြည်သာမြို့နယ်၊ (၁၈)ရပ်ကွက်၊ စက်မှုဒေသလမ်း ရွှေပြည်သာကွန်ကရစ်ဖျော်စက်ရုံသို့ သွားရောက်၍ ဝင်းအတွင်း ကတ္တရာကွန်ကရစ် (AC) ဖျော်စက်နှင့် ကွန်ကရစ်ဖျော်စက်တို့ ကြံ့ခိုင်ရေးဆောင်ရွက်နေမှုနှင့် ရေစုကန်တို့ကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

ယင်းနောက် ရွှေပြည်သာမြို့နယ်၊ (၃)ရပ်ကွက်၊ အမှတ်(၄)လမ်း အုတ်ဖိုချောင်းကူးတံတားသို့ သွားရောက်၍ အမှိုက်ကန်နေရာချထားမှုနှင့် ချောင်းရေစီးရေလာ အခြေအနေအား ကြည့်ရှုစစ်ဆေးပြီး ချောင်းစပ်တစ်လျှောက် သန့်ရှင်းသပ်ရပ်ရေးနှင့် ချောင်းအတွင်း အမှိုက်များ၊ သဲမြေများအား ဖယ်ရှားရှင်းလင်းရေး ဆောင်ရွက်သွားရန် မှာကြားသည်။

ဆက်လက်၍ မင်္ဂလာဒုံမြို့နယ် ဒု-စံပြရပ်ကွက်သို့ သွားရောက်၍ အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား)မှ ပြည်လမ်းတစ်လျှောက် ဆုတောင်းပြည့် ကပ်ကျော်ဘုရားနှင့် ထောက်ကြန့် လမ်းဆုံအကြား လမ်းသားများခြစ်၍ စက်ဘီးလမ်းပါ (၆)လမ်းသွားလမ်း ကတ္တရာကွန်ကရစ်(AC)ထပ်ပိုးလွှာ ခင်းကျင်းနေမှုကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေးနှင့် သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်ရေး မှာကြားသည်။

ထို့မှတစ်ဆင့် မြိုတော်ဝန်နှင့်အဖွဲ့သည် မင်္ဂလာဒုံမြို့နယ် ပေါက်ကုန်းရပ်ကွက်၊ ပြည်လမ်း၊ အထူးကုဆေးရုံရှေ့သို့ သွားရောက်၍ ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာနမှ ခရေပင်လမ်းမှ ဝါယာလက်ဈေးအကြား လမ်းဝဲ/ယာကို မြေပြင်ညှိ၍ မြေယာရှုခင်း ဆောင်ရွက်နေမှု၊ အုပ်မိုးကိုင်းများ၊ ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသည့် အကိုင်းအခက်များ ခုတ်ထွင်ရှင်းလင်းနေမှု၊ သစ်ငုတ်များ တူးဖော်ရှင်းလင်းနေမှုနှင့် သန့်ရှင်းသာယာ သပ်ရပ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်