ရန်ကုန် နိုဝင်ဘာ ၂၈

 

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်)ဦးဗိုလ်ဌေးသည် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်း တွင် ရန်ကုန်မြို့တော်အတွင်းလမ်းများအဆင့်မြှင့်တင်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

 

ရှေ့ဦးစွာမြို့တော်ဝန်နှင့်အဖွဲ့သည် အင်ဂျင်နီယာဌာန (လမ်းနှင့် တံတား)မှ ဆောင်ရွက်နေသည့် သာကေတမြို့နယ် သန်လျင်တံတားချဉ်းကပ်လမ်း ကတ္တရာကွန်ကရိ (AC)ခင်းကျင်းနေမှုတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းလိုအပ်ချက်များဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

 

ဆက်လက်၍ မြို့တော်ဝန်နှင့်အဖွဲ့သည် အင်ဂျင်နီယာဌာန(လမ်းနှင့်တံတား)မှ ဆောင်ရွက်နေသည့် ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် ၆၁ ရပ်ကွက်အတွင်း ရတနာလမ်းနှင့် မြနန္ဒာလမ်းအကြား ချင်းတွင်းလမ်း  ကွန်ကရိလမ်း ခင်းခြင်းလုပ်ငန်းခွင်သို့သွားရောက် ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းလိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

 

ထိုမှတစ်ဆင့် မြို့တော်ဝန်သည် မြို့တော်ခန်းမပထမထပ်ရှိ အစည်းအဝေးခန်းမ(၁)၌ ကျင်းပ ပြုလုပ်သော ရန်ကုန်မြို့တော်ဘဏ်လီမိတက်၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် နှစ်ပတ်လည် အထွေထွေ အစည်းအဝေးနှင့် ဒါရိုက်တာအဖွဲ့၏(၇/၂၀၂၃-၂၀၂၄) အစည်းအဝေးများသို့ တက်ရောက်၍ စဉ်အရ ဘဏ်ဒါရိုက်တာအဖွဲ့မှ ရှင်းလင်းတင်ပြသည့် ဘဏ္ဍာရေးရှင်းတမ်း၊ ဘဏ်စာရင်း စစ်ကော်မတီ၏ အစီရင်ခံစာ၊ ပြင်ပစာရင်းစစ်အဖွဲ့၏ စာရင်းစစ်ဆေးတွေ့ရှိချက် အစီရင်ခံစာ၊ ဘဏ်လုပ်ငန်းဆောင်ရွက်မှုနှင့် ဘဏ္ဍာငွေကြေးအခြေအနေ၊ ချေးငွေဆိုင်ရာကိစ္စရပ်များ၊ ငွေကြေး ခဝါချမှု တိုက်ဖျက်ရေးနှင့် အကြမ်းဖက်မှုအား ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးမူဝါဒ လုပ်ထုံး လုပ်နည်းများ ပြင်ဆင်ရေးဆွဲထားရှိမှုနှင့် အထွေထွေကိစ္စရပ်များအပေါ် မြို့တော်ဝန်နှင့် တာဝန်ရှိသူ များက အပြန်အလှန် ဖြည့်စွက်‌ဆွေးနွေးကြပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)