နေပြည်တော် ၄ စက်တင်ဘာ
မကွေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် ထောက်ပံ့မှုတစ်ကြိမ် မရရှိ သေးသော မသန်စွမ်းသူများအား နိုင်ငံတော်အစိုးရ၏ ကိုဗစ်-၁၉ စီးပွားရေး ထိခိုက်မှုသက်သာရေးစီမံချက် (CERP) အရ ငွေကြေးလွှဲပြောင်းထောက်ပံ့ခြင်းကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၌ အွန်လိုင်းစနစ်ဖြင့် ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ဒုတိယဝန်ကြီး ဦးစိုးအောင်နှင့် ညွှန်ကြား ရေးမှူးချုပ်များ ပါဝင်တက်ရောက်ကြပြီး မကွေးတိုင်းဒေသကြီး လူမှုရေးဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီး၊ ပဲခူးတိုင်းဒေသကြီး ကရင်တိုင်းရင်းသားရေးရာဝန်ကြီးနှင့် သက်ဆိုင်ရာတိုင်းဒေသကြီးရှိ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးများ၊ မသန်စွမ်းသူများအသင်း တာဝန်ရှိသူများနှင့် မသန်စွမ်းသူများ က အွန်လိုင်းစနစ်ဖြင့် တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက ကိုဗစ်-၁၉ စီးပွားရေးထိခိုက်မှု သက်သာရေး စီမံချက်သည် ကိုဗစ်-၁၉ ကြောင့် နိုင်ငံ၏စီးပွားရေးတိုးတက်မှုအပေါ် ထိခိုက်ဆုတ်ယုတ်မှုများ တတ်နိုင်သမျှနည်းပါးအောင် လျှော့ချသည့်အစီအစဉ်ဖြစ်ကြောင်း၊ ထိုအစီအစဉ်များဖြင့် လိုအပ်သူများကို ထောက်ပံ့ခြင်းဖြစ်ကြောင်း၊ အစိုးရအနေဖြင့် လူတိုင်းအခြေခံလူ့အခွင့်အရေး ခံစားရရှိရေးအတွက် အာမခံပေးနိုင်သည့် စစ်မှန်သည့် ဒီမိုကရေစီ အစိုးရဖြစ်အောင် ကြိုးပမ်းလျက်ရှိပါကြောင်း၊ အစိုးရစတင်တာဝန်ယူချိန်မှစ၍ မိမိတို့ဝန်ကြီး ဌာနအနေဖြင့် ပဋိသန္ဓေတည်စမှ သက်ကြီးရွယ်အိုအထိ အခြေခံလူ့အခွင့်အရေးရရှိအောင် ဆောင်ရွက်ရာ တွင် မူဝါဒ၊ ဥပဒေ၊ နည်းဥပဒေ၊ မဟာဗျူဟာ၊ စီမံချက်များဖြင့် ဆောင်ရွက်ရပါကြောင်း။
ထို့ကြောင့် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်း ဥပဒေကို ခေတ်စနစ်နှင့် ညီအောင် (၂၀၁၈)ခုနှစ်တွင် ပြန်လည်ချမှတ်ခဲ့ကြောင်း၊ ကလေးသူငယ်များသည် ပြုစုစောင့်ရှောက်မှု၊ ဖွံ့ဖြိုးမှုများအပြင် ကာကွယ်စောင့်ရှောက်မှုပါ လိုအပ်သည့်အတွက် ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာ ဥပဒေ (၂၀၁၉)ကို အသစ်ပြဋ္ဌာန်းခဲ့ကြောင်း၊ ထိုမှတစ်ဆင့် လူငယ်ကဏ္ဍအတွက် လူငယ်ရေးရာမူဝါဒကို ဖော်ဆောင်ပြီး ယခုအခါ မဟာဗျူဟာစီမံချက်ကို ချမှတ်နိုင်၍ အကောင်အထည်ဖော်ရန် ကြိုးပမ်းနေပြီဖြစ်ကြောင်း၊
အမျိုးသမီးများနှင့်ပတ်သက်၍ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေးဥပဒေ (မူကြမ်း)ကို လွှတ်တော်သို့ တင်ပြထားပြီးဖြစ်ကြောင်း၊ ယနေ့ဆောင်ရွက်သည့် မသန်စွမ်းသူများအတွက် ဥပဒေရှိပြီးဖြစ်ရာ မသန်စွမ်းသူများ၏ အခွင့်အရေးကို ထိရောက်စွာဖော်ဆောင်နိုင်ရန် နည်းဥပဒေကို အမြန်ဆုံးဖော်ဆောင်ခဲ့ပါကြောင်း၊ ထို့အပြင် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသား ကော်မတီ၊ လုပ်ငန်းကော်မတီများနှင့် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်ဆင့် ကော်မတီများ ထပ်မံဖွဲ့စည်းကာ မသန်စွမ်းအဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး မသန်စွမ်းတစ်ဦးချင်းစီ၏ အခွင့်အရေးကို အပြည့်အဝဖော်ဆောင်ရန်ကြိုးပမ်းနေပါကြောင်း၊ သက်ကြီးရွယ်အို ဥပဒေပေါ်ပေါက်ပြီး ဖြစ်၍ ဥပဒေကိုလက်တွေ့အကောင်အထည်ဖော်နိုင်ရန် အစိုးရသစ်လက်ထက်တွင် လူမှုရေးပင်စင်ကို စတင် နိုင်ခဲ့ကြောင်း၊ ဤအောင်မြင်မှုများ ခိုင်မာတိုးတက်အောင် အခြေခံလူ့အခွင့်အရေးကို အာမခံသည့် စစ်မှန်သောဒီမိုကရေစီအစိုးရ ဖြစ်လာစေရန် ဒီမိုကရေစီခရီးလမ်းကို ဆက်လက်လျှောက်လှမ်းလျက်ရှိပါ ကြောင်း၊ ပြည်သူ့အစိုးရက ပြည်သူအတွက် ရာနှုန်းပြည့်ဆောင်ရွက်နိုင်ရန် ထာဝရငြိမ်းချမ်းရေးကို ဦးတည်လျက် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးကို ဦးတည်ကြိုးပမ်းလျက်ရှိကြောင်း၊ သို့မှသာ စစ်မှန်သည့်ဒီမိုကရေစီစနစ်ကို ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း၊ ပြည်သူတစ်ဦးချင်းစီ၏ အခွင့်အရေးများကို ဖော်ဆောင်ရာ၌ ကိုဗစ်-၁၉ ကာလတွင် သာမန်ထက်ပို၍ အခက်အခဲရှိသော ကိုယ်ဝန်ဆောင်များ၊ မသန်စွမ်းသူများနှင့် သက်ကြီးရွယ်အိုများကို အစိုးရ၏ CERP ဖြင့် ထောက်ပံ့ခြင်းသည် ခံစားရရှိသင့်သည့် အခွင့်အရေးများကို အပြည့်အဝ ဖြည့်ဆည်းပေးခြင်းဖြစ်ကြောင်း၊ ထောက်ပံ့မှုများသည် ငွေကြေးအမြောက်အများ သုံးစွဲရပါကြောင်း။
ထိုကဲ့သို့ ဒေသတစ်ခုအတွင်းသို့ ငွေကြေးစီးဆင်းမှုများပြားခြင်းသည် ဤဒေသအတွက် လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေးကို အထောက်အကူပြုနိုင်မည်ဖြစ်ပါကြောင်း၊ သို့မှသာ ကိုဗစ်-၁၉ ကြောင့် စီးပွားရေး ထိခိုက်မှုများ လျော့ပါးသက်သာလာစေနိုင်မည်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ကာလတွင် မိမိတို့၏ ဆောင်ရွက်ရ မည့် လုပ်ငန်းယန္တရားများ ရပ်တန့်မသွားအောင် ဝိုင်းဝန်းကြိုးပမ်းပေးကြသည့် ဝန်ထမ်းများနှင့် ဌာနဆိုင်ရာ အသီးသီးကိုလည်း ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။
ထို့နောက် မကွေးတိုင်းဒေသကြီးအစိုးအရအဖွဲ့ လူမှုရေးဝန်ကြီးက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး တိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးက မသန်စွမ်းသူ (၁၁,၂၂၄)ဦးအတွက် ထောက်ပံ့ ငွေကျပ် (၃၃၆,၇၂၀,၀၀၀) ကို လူမှုရေးဝန်ကြီးထံသို့ လွှဲပြောင်းပေးအပ်သည်။ ယင်းနောက် လူမှုရေးဝန်ကြီး က အခမ်းအနားသို့ ကိုယ်တိုင်ပါဝင်တက်ရောက်လာကြသော မသန်စွမ်းသူများအတွက် ထောက်ပံ့ငွေများကို လက်ဝယ်အရောက် ပေးအပ်ပြီး မသန်စွမ်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မသန်စွမ်းသူများအား ငွေကြေး ထောက်ပံ့ခြင်းအစီအစဉ်ကို ကျင်းပရာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားပြီး ရန်ကုန်တိုင်း ဒေသကြီး လူမှုရေးဝန်ကြီး၊ ပဲခူးတိုင်းဒေသကြီး ကရင်တိုင်းရင်းသားရေးရာဝန်ကြီးတို့က ကြိုဆို နှုတ်ခွန်းဆက်စကားများ ပြောကြားသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးက ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မသန်စွမ်းသူ (၁၉,၆၇၂) ဦးအတွက် ထောက်ပံ့ငွေကျပ် (၅၉၀,၁၆၀,၀၀၀) ကို လူမှုရေးဝန်ကြီးထံသို့ လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးက ပဲခူးတိုင်းဒေသကြီး အတွင်းရှိ မသန်စွမ်းသူ(၁၅,၅၄၃) ဦးတို့အတွက် ထောက်ပံ့ငွေကျပ် ၄၆၆,၂၉၀,၀၀၀ ကို ကရင်တိုင်းရင်းသားရေးရာ ဝန်ကြီးထံသို့လည်းကောင်း လွှဲပြောင်းပေးအပ်ရာ ထောက်ပံ့မှုများအတွက် တိုင်းဒေသကြီးအသီးသီးမှ မသန်စွမ်းသူများက ကျေးဇူးတင်စကားများ ပြန်လည်ပြောကြားခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


