မကွေး ၂၃ မေ
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ၂၀၁၈-၂၀၁၉ခု ဘဏ္ဍာရေးနှစ်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင် အတွင်းရှိ ကျေးရွာ(၃၄)ရွာ၌ သောက်သုံးရေ ရရှိရေးလုပ်ငန်းများကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလပိုင်းက စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းအားလုံး၏ ၆၅ ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း မကွေးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ သိရသည်။

“မကွေးခရိုင်အတွင်း မကွေး၊ တောင်တွင်းကြီး၊ ရေနံချောင်း၊ ချောက်၊ နတ်မောက်၊ မြို့သစ်စတဲ့ မြို့နယ် (၆)မြို့နယ် ရှိပါတယ်။ မကွေးတိုင်းဒေသကြီးအတွင်းမှာတော့ သောက်သုံးရေအတွက် အခက်ခဲဆုံး ခရိုင် တစ်ခုလည်းဖြစ်ပါတယ်။ နှစ်စဉ်လိုလို သောက်သုံးရေရှားပါးလို့ ရေပေးဝေခဲ့ရတာတွေလည်း ရှိပါတယ်။ ၂၀၁၈-၂၀၁၉ခု ဘဏ္ဍာရေးနှစ်မှာတော့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခွင့်ပြုရန်ပုံငွေနဲ့ ယခင်နှစ်က ရေပေးဝေခဲ့ရတဲ့ ကျေးရွာတွေနဲ့ အခြားရေရှားပါး ပြတ်လပ်နိုင်တဲ့ ကျေးရွာ(၃၄)ရွာကို ဦးစားပေးကာ တွင်းနက် စက်ရေတွင်းသစ်(၂၉)တွင်းတူးဖော်ခြင်း၊ စက်ရေတွင်းပြုပြင် ခြင်းလုပ်ငန်းသုံးခု၊ အိမ်တိုင်ရာရောက်ရေပိုက်လိုင်း သွယ်တန်းခြင်းလုပ်ငန်းတစ်ခု၊ ဆည်ရေတင်ခြင်းလုပ်ငန်းတစ်ခုကို ငွေကျပ် ၈၅၄ ဒသမ ၆၉၂ သန်း ဖြင့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလမှ စတင်ဆောင်ရွက်ခဲ့တာပါ။ လက်ရှိအချိန်မှာတော့ ရေရရှိရေး လုပ်ငန်း ၁၀ ခု ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီး ကျန်ရှိတဲ့ လုပ်ငန်းတွေကိုလည်း ဆက်လက်ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းအားလုံး၏ ၆၅ ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်တယ် ” ဟု မကွေးခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးကျော်ဇောဟိန်းက ပြောပြသည်။
“ကျွန်တော်တို့ ခရိုင်တွင်းမှာရှိတဲ့ ကျေးရွာအချို့ဟာဆိုရင် နှစ်စဉ်ရေရှားပါးလို့ ရေဖြန့်ဝေပေးနေရတာတွေ ရှိပါတယ်။ ဌာနေအနေနဲ့တော့ ကျေးလက်နေပြည်သူများ သောက်သုံးရေဖူလုံစွာရရှိဖို့ သက်ဆိုင်ရာမြို့နယ် လွှတ်တော်ကိုယ်စားလှယ်တွေ မြို့နယ်စီမံခန့်ခွဲမှုကော်မတီတွေနဲ့ ဦးစားပေးအလိုက်ရွေးချယ်ပြီး ဆောင်ရွက်လျက်ရှိပါတယ်။ ပြည်တွင်း ပြည်ပ NGOs/ INGOs အဖွဲ့အစည်းတွေ၊ ပုဂ္ဂလိကအလှူရှင်တွေနဲ့လည်း ချိတ်ဆက်ဆောင်ရွက်ပေးလျက်ရှိပါတယ်။ မိုးရာသီမတိုင်မီ ရေတွင်း ရေကန်တွေ ခမ်းခြောက်ပြီး သောက်သုံးရေရှားပါးမှုတွေ ကြုံတွေ့လာရင်လည်း အမြန်ဆုံး ဆောင်ရွက်ပေးသွား မှာပါ။ ကျေးရွာတွေအနေနဲ့ ရေပြတ်လပ်မှုရှိပါက တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနရုံးများကို ဆက်သွယ်ရေးနည်းလမ်းမျိုးစုံနဲ့ ဆက်သွယ်အကူအညီ တောင်းခံနိုင်တယ်လို့” ၎င်းက ပြောပြ၍ သိရသည်။
အဆိုပါ ရေပေးရေးလုပ်ငန်းများအားလုံး ဆောင်ရွက်ပြီးစီးပါက ကျေးရွာ(၃၄)ရွာရှိ အိမ်ခြေ(၆၉၂၁)၊ လူဦးရေ (၃၅၃၆၁)ဦးနှင့် ကျွဲနွားတိရစ္ဆာန်များအတွက် သောက်သုံးရေများ ဖူလုံစွာရရှိတော့မှာဖြစ်ကြောင်းသိရသည်။
သန်းလွင်(မကွေး)