မကွေး    ၉   အောက်တိုဘာ    

မကွေးမြို့ မြသလွန်စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယဘုရားပွဲတော်ကို အစဉ်အလာမပျက် သီတင်းကျွတ်လဆန်း ၁ဝ ရက်မှ သီတင်းကျွတ်လကုန်အထိ ရက် ၂ဝ ကြာ နှစ်စဉ် ကျင်းပမြဲဖြစ်ပြီး၊  ယခုနှစ် မြသလွန်စေတီတော်မြတ်ကြီး(၂၅၈၄)ကြိမ်မြောက် ဗုဒ္ဓပူဇနိယဘုရားပွဲတော်နှင့်ဈေးပွဲတော်ကို ကျင်းပမည် မဟုတ်ကြောင်း မြသလွန်စေတီတော် ဂေါပကအဖွဲ့ထံက  သိရသည်။

 

မြသလွန်စေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယဘုရားပွဲနဲ့ ဈေးပွဲတော်ကို နှစ်စဉ် သီတင်းကျွတ် လဆန်း ၁ဝ ရက်မှ သီတင်းကျွတ်လကုန်အထိ ရက် ၂ဝ ကြာ ကျင်းပတာပါ၊ လတ်ရှိဖြစ်ပွားနေတဲ့ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ကျန်းမာရေးဌာနက တာဝန်ရှိသူ များက ပွဲတော်မပြုလုပ်သင့်ကြောင်း ညွှန်ကြားထားသလို ဩဝါဒဆရာတော်ကြီးများကလည်း ရောဂါ ပြန့်ပွားမှုမရှိအောင် ထိန်းသိမ်းကာကွယ်ဖို့ မိန့်ကြားတဲ့ အတွက် မြသလွန်စေတီတော်မြတ်ကြီးရဲ့ ဗုဒ္ဓပူဇနိယဘုရားပွဲတော်နဲ့ ဈေးပွဲတော်ကို မကျင်းပဖြစ်တာပါ ဟု မြသလွန်စေတီတော် ဘဏ္ဍာတော် ထိန်းဂေါပကအဖွဲ့၊ အတွင်းရေးမှူး-၂ ဦးဝင်းနိုင်တင်က ပြောသည်။

 

မြသလွန်စေတီဗုဒ္ဓပူဇနိယပွဲတော်တွင် နှစ်စဉ်ပွဲတော်ကာလ သီတင်းကျွတ် လပြည့်နေ့တွင် မြသလွန် ဗုဒ္ဓဝေယျာဝစ္စအသင်းအဖွဲ့များက ပန်း(၉၀၀၀)ကပ်လှူခြင်းနှင့် မြသလွန်စေတီတော် အနောက်ဘက် (ဧရာဝတီဖက်) ပစ္စယာတော် အဆင့်ဆင့်တွင် ဆီမီး(၉၀၀၀)ထွန်းညှိပူဇော်ခြင်း၊ မကွေးမြို့ပေါ်ရှိ သံဃာအပါး (၂၀၀၀)ကျော်ကို ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ပစ္စည်းများအား စည်ကားသိုက်မြိုက်စွာ လောင်းလှူခြင်းတို့ ဆောင်ရွက်ကြောင်း သိရသည်။

 

ဗုဒ္ဓပူဇနိယဈေးပွဲတော်တွင် မြန်မာ့ရိုးရာ အစားအစာအမျိုးမျိုး၊ လူသုံးကုန်ပစ္စည်းများနှင့် တောင်သူသုံး ပစ္စည်းအမျိုးမျိုး၊ ပရိဘောဂပစ္စည်းအမျိုးမျိုး စသည်ဖြင့် ဈေးဆိုင်ခန်းပေါင်း(၁၀၀၀)ကျော် ခင်းကျင်းရောင်းချကာ၊ ဖျော်ဖြေရေးအစီအစဉ်များအဖြစ် မြန်မာ့ရိုးရာ ခြင်းအလှခတ် ပြပွဲ/ပြိုင်ပွဲများ၊ ဆပ်ကပ်အဖွဲ့များ၊ ဇာတ်ပွဲများစုံလင်စွာဖြင့်  ဘုရားပွဲလာပြည်သူများ၊ ဈေးရောင်း၊ဈေးဝယ်များနှင့် စည်ကားသိုက်မြိုက်စွာ နှစ်စဉ်ကျင်းပလေ့ရှိကြောင်းနှင့် ယခုနှစ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး၊ ရောဂါပြန့်ပွားမှုမရှိအောင် ထိန်းသိမ်းကာကွယ်ရေးတို့အတွက် ပွဲတော်ကို ကျင်းပဆောင်ရွက်မည် မဟုတ်ကြောင်း သိရသည်။

သန်းနိုင်ဦး(ငဖဲ)